အစာအိမ် ကင်ဆာ ( Stomach cancer)

 Stomach cancer - Symptoms and causes - Mayo Clinic

ဘာတွေက အစာအိမ်ကင်ဆာကို ဖြစ်စေသလဲ?

အစာအိမ်ကင်ဆာသည် ပုံမှန် မဟုတ်သည့် ဆဲလ်တစ်ခုမှ စတင်ဖြစ်ပေါ်သည်။ အဘယ်ကြောင့် ထိုဆဲလ်သည် ကင်ဆာ ဖြစ်စေရသနည်းကို သေချာစွာ မသိသေးချေ။ ဆဲလ်အတွင်း ရှိ မျိိုးရိုးဗီဇများကို တစ်စုံတစ်ခုက ပြောင်းလဲခြင်း၊ ထိခိုက်ခြင်း ဖြစ်စေသည်ဟု ယူဆကြသည်။ ထိုအရာက ဆဲလ်ကို ပုံမမှန် ဖြစ်စေပြီး အထိန်းအချုပ်မဲ့ ပွားများစေသည်။ လူတော်တော်များများတွင် သေချာသောအကြောင်းရင်းမရှိဘဲ အစာအိမ်ကင်ဆာ ဖြစ်ပွားသည်။ သို့သော် အချို့အရာများသည် အစာအိမ်ကင်ဆာ ဖြစ်ပွားနိုင်မှုကို များစေသည်။ ၎င်းတို့မှာ

  • အသက်အရွယ် ကြီးခြင်း -အစာအိမ်ကင်ဆာသည် အသက်ကြီးသောသူများတွင် ဖြစ်ပွားပြီး အသက် ၅၅ ကျော်သော သူများတွင် ဖြစ်ပွားလေ့ရှိသည်။
  • ဗီတာမင် ဘီ တွဲ (B12) ချို့ယွင်းမှုဖြစ်စေသော ပါနီးစီးယပ် (pernicious) သွေးအားနည်းရောဂါ ရှိသောသူများတွင် အစာအိမ်ကင်ဆာဖြစ်နိုင်မှုကို အနည်းငယ်များစေသည်။
  • အစားအသောက်သည်လည်း ဖြစ်စေနိုင်သော အကြောင်းရင်း တစ်ခု ဖြစ်သည်။ကြပ်တိုက် ၊ ဆားစိမ်ထားသော အစာများကို အစားများသော နိုင်ငံများ (ဥပမာ - ဂျပန်) တွင် အစာအိမ်ကင်ဆာ ဖြစ်ပွားမှုနှုန်းများသည်။ 
  • ဆေးလိပ်သောက်သူများတွင် မသောက်သူများထက် အစာအိမ်ကင်ဆာ ဖြစ်ပွားမှုနှုန်း ပိုများသည်။ 
  • အိတ်ချ် ပိုင်လိုရီ ဘက်တီးရီးယား အစာအိမ်နံရံတွင် ကြာရှည်ပိုးဝင်ရောက်ခြင်းသည် အစာအိမ်ကင်ဆာဖြစ်ပွားမှုကို အနည်းငယ် မြင့်စေနိုင်သည်။
  • အစာအိမ် ကင်ဆာသည် အမျိုးသားများတွင် အမျိုးသမီးများထက် နှစ်ဆ ပိုများသည်။
  • ယခင်က အကြောင်းတစ်ခုခုကြောင့် အစာအိမ် တပိုင်းကို ဖြတ်ထုတ်ခွဲစိတ်ထားလျှင်
  • မိသားစု မျိုးရိုး သမိုင်းကြောင်း - အချို့သော အကြောင်းများကြောင့် အစာအိမ်ကင်ဆာသည် မိသားစုမျိုးရိုးလိုက် ဖြစ်ပွားလေ့ရှိသည်။ သို့သော် အစာအိမ်ကင်ဆာ အများစုသည် မျိုးရိုးလိုက် ဖြစ်ပွားခြင်း မရှိချေ။
  • ေသြးအုပ္စု ေအ ရှိသော လူများတွင် အစာအိမ်ကင်ဆာ ဖြစ်နိုင်ချေ အနည်းငယ်များသည်။

အစာအိမ်ကင်ဆာရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ?

အစာအိမ်ကင်ဆာသည် စတင်ဖြစ်ပေါ်ချိန်တွင် သေးငယ်ပြီး မည်သည့် ရောဂါလက္ခဏာမျှ မရှိတတ်ချေ။ အချို့လူများတွင် အဆင့်မလွန်ခင်အထိ မည်သည့်လက္ခဏာမျှ မရှိတတ်ချေ။

စဖြစ်နိုင်သော ရောဂါလက္ခဏာများမှာ -

  •   ဝမ်းဗိုက် အပေါ်ဘက်ပိုင်းတွင် မအီမသာဖြစ်ခြင်း၊ အောင့်ခြင်း (အထူးသဖြင့် အစာ စားပြီးချိန်များတွင်)
  •   အစာမကြေခြင်း (မှတ်ချက် - အစာမကြေသောသူ အများစုတွင် အစာအိမ် ကင်ဆာ မရှိချေ)
  •  နေထိုင်မကောင်း၍ အစာ မစားချင်ခြင်း။ အချို့လူများတွင် အစာစားပြီး ရင်ပြည့်သည့်ခံစားမှု ရှိတတ်သည်။
  • ကိုယ်အလေးချိန် ကျခြင်း နှင့် အစားအသောက် ပျက်ခြင်း
  •  ဝမ်းသွားလျှင် သွေးပါခြင်း - သွေးအနီရောင် ဝမ်းထဲတွင် ပါခြင်းထက် ဝမ်းမည်းမည်း သွားလေ့ရှိသည်။ သွေးအနီရောင် ဝမ်းထဲတွင် ပါခြင်းသည် အစာအိမ်ကင်ဆာတွင် တွေ့ရလေ့ မရှိဘဲ အစာအိမ် နှင့် အူထဲတွင် ပြင်းထန်သော သွေးထွက်မှု ရှိခြင်းကို ဖော်ပြသည်။

ကင်ဆာ ဆက်၍ ကြီးထားလာသည်နှင့် အမျှ ရောဂါလက္ခဏာများ ပိုဆိုးလာပြီး အောက်ပါတို့ ဖြစ်နိုင်သည်။

  •   အထက်ပါ ရောဂါလက္ခဏာများကို ဆက်တွေ့ရလေ့ရှိပြီး ပိုဆိုးသည်။
  •  နေထိုင်ရ မအီမသာ ဖြစ်ခြင်း နှင့် သာမန်ထက် ပိုပင်ပန်းလွယ်ခြင်း
  • -ကင်ဆာသည် ပုံမှန် သွေးထွက်နေလျှင် သွေးအားနည်းခြင်း ဖြစ်လာသည်။ ထိုအခါ ပုံမှန်ထက် ပိုပင်ပန်းလွယ်လာသည်။
  • -ကင်ဆာသည် အလွန် ကြီးထွားလာပြီး အစာနှင့် ရေလမ်းကြောင်းကို ပိတ်ဆို့ခြင်း ဖြစ်စေသည်။
  • အကယ် ၍ ကင်ဆာသည် အခြားနေရာများသို့ ပျံ့နှံ့သွားလျှင် အခြား ရောဂါလက္ခဏာ မျိုးစုံ ဖြစ်လာနိုင်သည်။

မှတ်ချက် ။ ။ အထက်ပါ ရောဂါလက္ခဏာများသည် အခြား အခြေအနေများကြောင့်လည်း ဖြစ်နိုင်သောကြောင့် အစာအိမ်ကင်ဆာကို အတည်ပြုရန် စစ်ဆေးမှုများ လိုအပ်သည်။

အစာအိမ်ကင်ဆာကို ဘယ်လို ရောဂါအတည်ပြုပြီး စစ်ဆေးမလဲ?

ဦးစွာ စစ်ဆေးခြင်း နှင့် အစာအိမ်ကြည့် မှန်ပြောင်းဖြင့် ကြည့်ရှုစစ်ဆေးခြင်း

လူတစ်ယောက်သည် အစာအိမ်ကင်ဆာ ရှိသည်ဟု သံသယရှိပါက ဆရာဝန်က စမ်းသပ်စစ်ဆေးပေလိမ့်မည်။ ကင်ဆာ အဆင့် အစောပိုင်းတွင် စမ်းသပ်မှုသည် ပုံမှန်ပင် ဖြစ်သည်။ ထိုကြောင့် များသောအားဖြင့် အစာအိမ် မှန်ပြောင်းဖြင့် ကြည့်ရှုစစ်ဆေးရန် စီစဉ်လေ့ရှိသည်။ အစာအိမ်ကြည့်မှန်ပြောင်းသည် သေးငယ်၍ ကွေးနိုင်ဆန့်နိုင်သော မှန်ပြောင်းရှည် ဖြစ်သည်။ ထိုမှန်ပြောင်းသည် ပါးစပ်မှတစ်ဆင့် အစာရေမျိုပြွန်ကို ဖြတ်သန်းကာ အစာအိမ် နှင့် အူသေး ဦးပိုင်းအထိ ရောက်နိုင်သည်။ မှန်ပြောင်းတွင် အလင်းချည်မျှင် လမ်းကြောင်းများပါဝင်ပြီး အလင်းဝင်စေရန် ဆောင်ရွက်ပေးကာ ဆရာဝန် နှင့် သူနာပြုများက အစာအိမ် နှင့် အူသေးဦးပိုင်းကို မြင်စေသည်။

ရောဂါသေချာစေရန် အသားစယူခြင်း

ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုဆီမှ တစ်သျှူးနမူနာအနည်းငယ် ယူခြင်းကို အသားစယူခြင်း ဟု ခေါ်သည်။ အဆိုပါ နမူနာကို မှန်ဘီလူးအောက်တွင် ပုံမမှန် ဆဲလ် ရှိ၊ မရှိ ရှာဖွေ စစ်ဆေးသည်။ အစာအိမ်ကြည့် မှန်ပြောင်း ဖြင့် ကြည့်လျှင် ပုံမှန် မဟုတ်သော နေရာကို မြင်နိုင်ပြီး ဆရာဝန်က အသားစ ယူနိုင်သည်။ အသားစ ယူရန် မှန်ပြောင်းရှိ လမ်းကြောင်းမှတဆင့် ဆုပ်ကိုင်ယူနိုင်သော ကိရိယာငယ်ကို ဖြတ်သန်းစေခြင်း ဖြစ်သည်။ အသားစအဖြေရရန် တစ်ပတ်၊ နှစ်ပတ် ခန့် စောင့်ရသည်။

ကင်ဆာရောဂါ၏ ပမာဏ နှင့် ပျံ့နှံ့မှုကို စစ်ဆေးခြင်း

အစာအိမ် ကင်ဆာ ရှိသည် ဟု သေချာလျှင် ကင်ဆာရောဂါ၏ ပျံ့နှံ့မှုကို သိရှိရန် စစ်ဆေးမှုများ လိုအပ်သည်။

ဥပမာ - ဆေးမျိို၍ ဓါတ်မှန်ရိုက်ခြင်း၊ ကွန်ပျူတာ ဓါတ်မှန် ရိုက်ခြင်း၊ သံလိုက်ဓါတ်မှန် ရိုက်ခြင်း၊ အာထရာဆောင်း ပုံရိပ် ဖတ်ခြင်း၊ ဝမ်းဗိုက်အတွင်းကို မှန်ပြောင်းဖြင့် ကြည့်ရှုစစ်ဆေးခြင်း ဤသို့ စစ်ဆေးခြင်းကို ကင်ဆာ အဆင့်သတ်မှတ်ခြင်း ဟု ခေါ်သည်။

ကင်ဆာအဆင့် သတ်မှတ်ခြင်း၏ ရည်ရွယ်ချက်မှာ -

- ကင်ဆာသည် အစာအိမ်ထဲတွင် မည်မျှရှိသည်၊ ကင်ဆာသည် အစာအိမ်နံရံကို အနည်းငယ် သို့ အပြည့်အဝ ဖြတ်ကျော်ကြီးထွားနေသည်ကို ရှာဖွေရန်

- ကင်ဆာသည် ဝန်းကျင်ရှိ ပြန်ရည်ကျိတ်များသို့ ပျံ့နှံံံ့ခြင်း ရှိ၊ မရှိ သိရှိရန်။

- ကင်ဆာသည် ခန္ဓာကိုယ်ရှိ အခြားနေရာများသို့ ပျံ့နှံ့ခြင်း ရှိ၊ မရှိကို သိရှိရန် တို့ဖြစ်သည်။

ကင်ဆာအဆင့်ကို သတ်မှတ်ခြင်းဖြင့် မည်သည့်ကုသမှုသည် အကောင်းဆုံးဖြစ်မည်ကို ဆရာဝန်ကို အကြံဖြစ်စေသည်။ ထို့ပြင် ကင်ဆာရောဂါ၏ ဖြစ်နိုင်သော ရလဒ်ကိုလည်း သိနိုင်သည်။

အစာအိမ်ကင်ဆာအတွက် ကုသမှုနည်းလမ်းတွေက ဘာတွေလဲ?

စဉ်းစားနိုင်သော ကုသမှုနည်းလမ်းများတွင် ခွဲစိတ်ခြင်း၊ ကင်ဆာ ဆေးသွင်းကုသခြင်း (တစ်ခါတစ်ရံ ဓါတ်ရောင်ခြည်ဖြင့် ကုသခြင်း) တို့ ပါဝင်သည်။ အစာအိမ်ကင်ဆာ ရောဂါတိုင်းအတွက် ကုသမှုနည်းလမ်းကို ရွေးချယ်ရာတွင် -

-ကင်ဆာသည် မည်မျှ အရွယ်ကြီးသည်

-အဆင့် မည်မျှ ရှိသည်

- လူနာ၏ အထွေထွေ ကျန်းမာရေး အခြေအနေတို့ အပေါ်တွင် မူတည်သည်။

စားသောက်သော အစားအသောက်မှ အာဟာရ လုံလောက်စွာ ရရန် အရေးကြီးသည်။ လိုအပ်ပါက အကောင်းဆုံး စားသောက်မှုပုံစံဖြစ်ရန် အစားအသောက် ပညာရှင် နှင့် တွေ့ဆုံဆွေးနွေးရမည်။

လူနာသည် မိမိ ရောဂါအကြောင်းကို သေချာသိသော အထူးကုဆရာဝန်နှင့် သေချာဆွေးနွေးရမည်။ ဆရာဝန်က လူနာကို ၎င်းဖြစ်ပွားနေသော ကင်ဆာနှင့် ပတ်သက်၍ ကောင်းကျိုး ၊ဆိုးကျိုးများ (ဥပမာ - ခွဲစိတ်မှု အောင်မြင်နိုင်နှုန်း၊ ဖြစ်နိုင်သော ဘေးထွက်ဆိုးကျိုး၊ အခြားဖြစ်နိုင်သော ကုသမှု နည်းလမ်း အမျိုးမျိုး) ကို ရှင်းပြပေလိမ့်မည်။

လူနာကိုယ်တိုင်က သူ၏ အထူးကုဆရာဝန်နှင့် ကုသမှု၏ ရည်ရွယ်ချက်ကို ဆွေးနွေးသင့်သည်။ ဥပမာ -

- ကုသမှုသည် ပျောက်ကင်းစေရန်အတွက် ရည်ရွယ်သည်။ အချို့ အစာအိမ်ကင်ဆာများမှာ အဆင့်ငယ်တုန်း စောစီးစွာ ကုသလျှင် ပျောက်ကင်းနိုင်ပေသည်။

- ကုသမှုသည် ကင်ဆာရောဂါကို ထိန်းချုပ်ရန် ရည်ရွယ်သည်။ ကုသမှုသည် ပျောက်ကင်းရန် မရည်ရွယ်လျှင် ကင်ဆာရောဂါနှေးနှေးသာ တိုးတက်ရန် ကြီးထွားမှု ၊ ပျံ့နှံ့မှု နှုန်းကို တားဆီးနိုင်ရန်ဖြစ်သည်။ ထိုသို့ လုပ်ခြင်းဖြင့် ရောဂါဝေဒနာ ခံစားရမှုကို အချိန်အနည်းငယ် ကင်းဝေးစေသည်။

- ကုသမှုသည် ရောဂါလက္ခဏာများကို သက်သာစေရန် ရည်ရွယ်သည်။ ကုသပျောက်ကင်းရန် မဖြစ်နိုင်ပါက ကုသမှုသည် ကင်ဆာ အရွယ်အစားကို လျော့ချခြင်းဖြင့် နာကျင်ခြင်းကဲ့သို့သော ဝေဒနာများကို သက်သာစေသည်။ ကင်ဆာသည် အဆင့်လွန်နေပါက ရောဂါခံစားရသူအနေဖြင့် အစာ ဖြည့်စွက်မှုများ၊ အနာ သက်သာဆေးများ၊ ရောဂါဝေဒနာခံစားရမှုကို သက်သာရန် အခြားနည်းလမ်းများ လိုအပ်သည်။

ခွဲစိတ်ကုသခြင်း

ကင်ဆာသည် အဆင့်ငယ်သေးလျှင် ကင်ဆာကို ထုတ်ပစ်ခြင်းဖြင့် ကုသပျောက်ကင်းနိုင်ပေသည်။ အများဆုံး ခွဲစိတ်ကုသမှုမှာ အစာအိမ်၏ ဖြစ်နေသော အပိုင်းကို ဖြတ်ထုတ်ခြင်းပင်ဖြစ်သည်။ တစ်ခါတစ်ရံ အစာအိမ်တစ်ခုလုံးကို ဖယ်ရှားပစ်သည်။ တစ်ခါတစ်ရံ ထိုခွဲစိတ်မှုများကို ဗိုက်အပေါက်ဖောက် ခွဲစိတ်ခြင်းဖြင့် လုပ်နိုင်သည်။ ကင်ဆာသည် အဆင့်လွန်၍ မပျောက်ကင်းနိုင်လျှင် တောင်မှ အချို့ ခွဲစိတ်မှုနည်းလမ်းများသည် ရောဂါကို သက်သာစေသည်။ ဥပမာ - အစာအိမ်လမ်းကြောင်းပိတ်ဆို့ခြင်းကို အစာအိမ် တစိတ်တပိုင်းကို ဖြတ်ထုတ်ခြင်းသော်လည်းကောင်း၊ လေဆာဖြင့် ကုသခြင်းသော်လည်းကောင်း၊ လမ်းကြောင်းလွဲ ခွဲစိတ်မှုဖြင့်သော် လည်းကောင်း သက်သာစေနိုင်သည်။

ကင်ဆာ ဆေးသွင်းကုသခြင်း

ကင်ဆာဆေးသွင်းကုသခြင်းဆိုသည်မှာ ကင်ဆာဆဲလ်များကို သတ်သော (သို့) ကင်ဆာဆဲလ်များ ပွားများခြင်းကို တားဆီးသော ကင်ဆာ ဆန့်ကျင်ဆေးများဖြင့် ကုသခြင်းဖြစ်သည်။ ကင်ဆာ ဆေးသွင်းကုသခြင်းကို ခွဲစိတ်မှုနှင့် တွဲလုပ်သောအခါ တွဲစပ် ဆေးသွင်းကုသခြင်း (adjuvant chemotherapy) ဟုခေါ်သည်။ ဥပမာ ခွဲစိတ်ကုသပြီးနောက် ကင်ဆာဆေးသွင်းကုသခြင်းကို ပြုလုပ်ခြင်းဖြစ်သည်။ ရည်ရွယ်ချက်မှာ မူလ ကင်ဆာ နေရာမှ အခြားနေရာများသို့ ပျံ့နှံ့သွားသော ကင်ဆာဆဲလ်များကို သတ်ရန် ဖြစ်သည်။ တစ်ခါတစ်ရံ ကင်ဆာ ဆေးသွင်းကုသခြင်းကို ခွဲစိတ်မှု မပြုခင် ပေးလေ့ရှိသည်။ ရည်ရွယ်ချက်မှာ ကင်ဆာကို အရွယ်အစာ ကျုံ့စေပြီး ခွဲစိတ်မှု ပိုမိုလွယ်ကူစေရန် ဖြစ်သည်။ ၎င်းကို ကြိုတင် ကင်ဆာ ဆေးသွင်းကုသခြင်းဟု ခေါ်သည်။

ဓါတ်ရောင်ခြည်ဖြင့် ကုသခြင်း

ဓါတ်ရောင်ခြည်ဖြင့် ကုသခြင်းဆိုသည်မှာ စွမ်းအင်ပမာဏ မြင့်မားသော ဓါတ်ရောင်ခြည်တန်းများကို ကင်ဆာ တစ်သျှူးများအပေါ်သို့ စူးစိုက်ပစ်လွှတ်သော ကုသမှုတစ်မျိုးဖြစ်သည်။ ထိုသို့လုပ်ခြင်းဖြင့် ကင်ဆာ ဆဲလ်များကို သေစေသည် (သို့) ပွားများခြင်းကို တန့်စေသည်။ အစာအိမ်ကင်ဆာကို ကုသရန် အတွက်မူ ဓါတ်ရောင်ခြည်ဖြင့် ကုသခြင်းကို အသုံးပြုလေ့မရှိချေ။ ရောဂါ ဝေဒနာကို ဖြစ်စေသော ကင်ဆာ အစိတ် အပိုင်းအချိို့၏ အရွယ်အစားကို လျော့ချရန် တခါတရံ အသုံးပြုလေ့ရှိသည်။

ပေါင်းစပ် ကင်ဆာဆေး နှင့် ဓါတ်ရောင်ခြည်ဖြင့် ကုသခြင်း (chemoradiotherapy)

အချို့အခြေအနေများတွင် ခွဲစိတ်ပြီးနောက် ကင်ဆာ ဆေးသွင်းကုသခြင်းနှင့် ဓါတ်ရောင်ခြည်ဖြင့် ကုသခြင်းတို့ကို ပေါင်းစပ်အသုံးပြုသည်။ ထိုသို့ လုပ်ရန် လိုအပ်ပါက ခွဲစိတ် နေစဉ် အချိန်အတွင်း လုပ်လေ့ ရှိသည်။

အစာအိမ္ကင္ဆာ၏ ရလဒ္က ဘယ္လိုရွိသလဲ?

ကုသမှု မခံယူလျှင် အစာအိမ်ကင်ဆာသည် ပိုကြီးလာကာ ခန္ဓာကိုယ် အခြားနေရာများသို့ ပျံ့နှံ့ဖို့ အခွင့်အလမ်းပိုများသည်။ အကယ်၍ စောစီးစွာ သိရှိပြီး ကုသလျှင် (ဆိုလိုသည်မှာ ကင်ဆာသည် အစာအိမ်နံရံကို ဖြတ်ကျော်ထွက်သွားခြင်း၊ ပြန်ရည်ကျိတ်များသို့ ရောက်ရှိခြင်း မရှိခင် အချိန်) ခွဲစိတ်မှုဖြင့် ကုသပျောက်ကင်းနိုင်ရန် အခွင့်အလမ်းများသည်။

အကယ်၍ ကင်ဆာသည် အစာအိမ်နံရံကို ဖြတ်ကျော်ထွက်သွားခြင်း၊ ပြန်ရည်ကျိတ်များသို့ ရောက်ရှိခြင်းတို့ ဖြစ်သော အချိန်မှသာ သိရလျှင် ကုသပျောက်ကင်းရန် အခွင့်အလမ်းနည်းပေသည်။ သို့သော် ကင်ဆာ ဆေးသွင်းကုသခြင်း ကဲ့သို့သော ကုသခြင်းများဖြင့် ရောဂါ၏ ပိုဆိုးလာမှုကို နှေးစေသည်။

ကင်ဆာရောဂါကုသမှုသည် ဆေးပညာနယ်ပယ်၏ တိုးတက်နေသောနေရာဖြစ်သည်။ ကုသမှု အသစ် များသည် ဆက်လက်ထွက်ပေါ်နေပြီး အထက်တွင် ဖော်ပြထားမှုများသည် အလွန်ယေဘုယျ ဆန်သည်။ ရောဂါအကြောင်းကို သေချာသိသော အထူးကုဆရာဝန်က ကင်ဆာရောဂါ၏ ရလဒ်၊ ကင်ဆာရောဂါ၏ အမျိုးအစား နှင့် အဆင့်အရ ကုသမှုကို မည်သို့တုန့်ပြန်မည် စသည့် အတိအကျ အချက်အလက်များကို ရှင်းပြပေးနိုင်ပေလိမ့်မည်။

 

No comments:

Powered by Blogger.