သိုင်းရွိုက်ကင်ဆာ

 Stage 4 Thyroid Cancer Life Expectancy - CancerOz

သိုင်းရွိုက် ဆိုတာ ဘာလဲ?

သိုင်းရွိုက်အကျိတ်သည် လည်ပင်းအရှေ့ အောက်ဘက်ပိုင်းတွင် တည်ရှိသည်။ လေပြွန်အရှေ့နားတွင် ကပ်လျက် တည်ရှိသည်။ သိုင်းရွိုက်အကျိတ်တွင် ဘယ် ညာ အစွန်းဖု နှစ်ခုရှိပြီး ထိုနှစ်ခုကို အလယ်တွင် သိုင်းရွိုက်တစ်သျှူး အချောင်းငယ်လေးဖြင့် ဆက်ထားသည်။ လိပ်ပြာပုံနှင့် ဆင်တူသည်။ ပုံမှန် သိုင်းရွိုက်အကျိတ်ကို မမြင်နိုင်၊ မစမ်းနိုင်ပေ။

သိုင်းရွိုက် အကျိတ်သည် တီ သရီး (T3 - triiodothyronine) နှင့် တီ ဖိုး (T4- thyroxine) ခေါ်သည့် သိုင်းရွိုက်ဟော်မုန်း နှစ်မျိုးကို ထုတ်ပေးသည်။ ထိုဟော်မုန်းများကို သွေးမှတဆင့် ခန္ဓာကိုယ် အနှံ့အပြားသို့ ပို့ဆောင်သည်။ ထိုဟော်မုန်းများသည် ခန္ဓာကိုယ်၏ ဇီဝကမ္မ လုပ်ငန်းဆောင်တာများကို မှန်မှန်  လုပ်ဆောင်နိုင်ရန် ကူညီပေးသည်။ ထိုဟော်မုန်းများသည် ခန္ဓာကိုယ်၏ နှလုံးခုန်နှုန်း၊ ကိုယ်အပူချိန် နှင့် စွမ်းအင် ပမာဏတို့အပေါ်တွင် သက်ရောက်မှု ရှိသည်။ သိုင်းရွိုက်အကျိတ်တွင် ကယ်ဆီတိုနင် (calcitonin) ကို ထုတ်ပေးသော စီ ဆဲလ် (C-cells) များလည်း ပါဝင်ပြီး ၎င်းသည် သွေးတွင်း ကယ်လဆီယမ် ပမာဏကို ထိန်းချုပ်ရာတွင် ပါဝင်သည်။

 

သိုင်းရွိုက်ကင်ဆာ အမျိုးအစား အဓိကအားဖြင့် လေးမျိုး ရှိသည်။

          - ပက်ပလာရီ (Papillary) - အတွေ့အများဆုံးသော သိုင်းရွိုက်ကင်ဆာ အမျိုးအစားဖြစ်သည်။

          - ဖော်လီ ကူလာ (Follicular) - ပိုအတွေ့ရနည်းသော သိုင်းရွိုက်ကင်ဆာအမျိုးအစားဖြစ်ပြီး အသက် ပိုကြီးသော လူများတွင် တွေ့ရသည်။ အထက်ပါ သိုင်းရွိုက်ကင်ဆာ နှစ်မျိုးကို ပေါင်းပြီး ဆဲလ် ကွဲပြားမှု ကောင်းသော သိုင်းရွိုက်ကင်ဆာ (differentiated thyroid cancer) ဟု တစ်ခါတစ်ရံ ခေါ်သည်။ ထိုနှစ်မျိုး၏ ကုသမှုပုံစံမှာ တူညီလေ့ရှိသည်။

          - မက်ဒါလာရီ (Medullary) - မျိုးရိုးလိုက်သော ရှားပါး သိုင်းရွိုက် ကင်ဆာ အမျိုးအစား ဖြစ်သည်။ ထို့ကြောင့် ဤ ကင်ဆာ ဖြစ်ပွားသူများ၏ မိသားစုဝင်များတွင် သိုင်းရွိုက်ကင်ဆာ ရှိ၊ မရှိ အချိန်မှန်မှန် စမ်း သပ် စစ်ဆေးရန် လိုသည်။ ဤကင်ဆာသည် သိုင်းရွိုက်အကျိတ်တွင်းရှိ စီ ဆဲလ် များမှ ပေါ်ပေါက် လာခြင်း ဖြစ်သည်။

          - အနပလတ်စတစ် (Anaplastic) - ဤကင်ဆာသည်လည်း ရှားပါးသည်။ အသက်ကြီးသော သူများတွင် အတွေ့ရများပြီး လျင်မြန်စွာ ကြီးလာလေ့ ရှိသည်။ အခြား သိုင်းရွိုက်ကင်ဆာများနှင့် မတူဘဲ ကုသ ရာတွင် ခက်ခဲသည်။

သိုင်းရွိုက်တွင် ဖြစ်နိုင်သော အခြားကင်ဆာ အမျိုးအစားများမှာ ပြန်ရည် ကင်ဆာ (lymphoma) နှင့် ဟာသီး ဆဲလ် ကင်ဆာ (Hurthle cell cancer) တို့ဖြစ်ပြီး ဤစာစောင်တွင်မူ အဆိုပါ ကင်ဆာများအကြောင်းကို ဆက်မနွေးတော့ပါ။

ပက်ပလာရီ နှင့် ဖော်လီကူလာ သိုင်းရွိုက်ကင်ဆာများသည် သိုင်းရွိုက်ကင်ဆာအားလုံး၏ ၈၀ မှ ၉၀ % ကျော်အထိ ရှိသည်။ အဆိုပါ အမျိုးအစား နှစ်ခုစလုံးသည် သိုင်းရွိုက်အကျိတ်၏ ဖော်လီကူလာ ဆဲလ်များမှ အစပြုသည်။ ထို အမျိုအစား ကင်ဆာ အများစုသည် ဖြည်းဖြည်းချင်းပင် ကြီးထွားလာသည်။ စောစီးစွာ သိရှိပါက အောင်မြင်စွာ ကုသပျောက်ကင်းနိုင်ပေသည်။

 

ဘာက သိုင်းရွိုက်ကင်ဆာကို ဖြစ်စေသလဲ?

ကင်ဆာသည် ပုံမှန် မဟုတ်သည့် ဆဲလ်တစ်ခုမှ စတင်ဖြစ်ပေါ်သည်။ အဘယ်ကြောင့် ထိုဆဲလ်သည် ကင်ဆာ ဖြစ်စေရသနည်းကို သေချာစွာ မသိသေးချေ။ ဆဲလ်အတွင်း ရှိ မျိိုးရိုးဗီဇများကို တစ်စုံတစ်ခုက ပြောင်းလဲ ခြင်း၊ ထိခိုက်ခြင်း ဖြစ်စေသည်ဟု ယူဆကြသည်။ ထိုအရာက ဆဲလ်ကို ပုံမမှန် ဖြစ်စေပြီး အထိန်းအချုပ်မဲ့ ပွားများ စေသည်။

သိုင်းရွိုက်ကင်ဆာသည် အတွေ့ရနည်းသည်။ အမျိုးသားများထက် အမျိုးသမီးများတွင် ပိုအဖြစ်များသည်။ လူအများစုတွင် သိုင်းရွိုက်ကင်ဆာသည် လူလတ်ပိုင်း နှင့် လူကြီးများတွင် ဖြစ်ပွားသော်လည်း ပက်ပလာရီ သိုင်းရွိုက်ကင်ဆာသည် အမျိုးသမီးငယ်များ ၊ အထူးသဖြင့် အသက် ၃၅ မှ ၄၀ကြားတွင် ဖြစ်ပွားသည်။

လူအများစုတွင် သိုင်းရွိုက်ကင်ဆာသည် အကြောင်းရင်း မရှိဘဲ ဖြစ်ပွားသည်။ သို့သော် သိုင်းရွိုက် ကင်ဆာဖြစ်ပွားရန် အခွင့်များစေသော အချက်များ ရှိသည်။

          - သိုင်းရွိုက် ရောဂါများ - ကင်ဆာ မဟုတ်သော သိုင်းရွိုက်အကျိတ် ရောဂါ ရှိသူများတွင် ကင်ဆာ ဖြစ်ရန် အခွင့်အလမ်း ပိုများသည်။ ဥပမာအားဖြင့် လည်ပင်းကြီး ရောဂါ ၊ သိုင်းရွိုက် အလုံးငယ် (adenoma) ၊ သိုင်းရွိုက် ရောင်ခြင်း။ မှတ်ချက် - သိုင်းရွိုက် အကျိတ် လုပ်ငန်းဆောင်တာ နည်းခြင်း၊ များခြင်းသည် သိုင်းရွိုက် ကင်ဆာ ဖြစ်ပွားနိုင်မှုကို မများနိုင်စေ။

          - ယခင် ဓါတ်ရောင်ခြည် ထိဖူးခြင်း - ငယ်ရွယ်စဉ်က လည်ပင်းတဝိုက်ကို ဓါတ်ရောင်ခြည် ကုသမှု ပြုဖူးသော သူများတွင်လည်း သိုင်းရွိုက်ကင်ဆာသည် အဖြစ်များသည်။

          - မိသားစုမျိုးရိုးလိုက်ခြင်း - မက်ဒလာရီ သိုင်းရွိုက်ကင်ဆာသည် ပုံမမှန်သော မျိုးရိုး ဗီဇကို ဆက်ခံခြင်းကြောင့် ဖြစ်ပေါ်လာသော အမျိုးအစားဖြစ်သည်။ ဤသိုင်းရွိုက်ကင်ဆာဖြစ်ပွားသူ လေးယောက် တွင် တစ်ယောက်သည် ပုံမမှန် မျိုးရိုးဗီဇကို ဆက်ခံထားသည်ကို တွေ့ရသည်။

          - အိုင်အိုဒင်း ပမာဏ နည်းပါးမှုကြောင့် ဖြစ်ခြင်း


သိုင်းရွိုက်ကင်ဆာရဲ့ ရောဂါ လက္ခဏာတွေက ဘာတွေလဲ?

 

သိုင်းရွိုက်ကင်ဆာ အများစုသည် အများအားဖြင့် ဖြည်းဖြည်းချင်း ကြီးထွားလာပြီး အစပိုင်းတွင် မည်သည့်လက္ခဏာမျှ မပြချေ။ အတွေ့ရများသော ပထမဆုံးလက္ခဏာမှာ လည်ပင်းတွင် နာကျင်မှုကင်းသော အလုံးငယ် တစ်ခု ပေါ်လာခြင်းပင်ဖြစ်သည်။ ကင်ဆာသည် ပိုကြီးလာသည် နှင့် အမျှ ဖြစ်လာနိုင်သော ရောဂါ လက္ခဏာများမှာ အောက်ပါအတိုင်းဖြစ်သည်။

          - စကားပြောလျှင် အသံ အက်ကွဲရှတခြင်း၊ အသံဝင်ခြင်း

          - လည်ပင်းတွင် အကျိတ်ငယ်များ စမ်းမိခြင်း

          - အစာမျိုခြင်း ၊ အသက်ရှုရန် ခက်ခဲခြင်း

          - လည်ပင်း လည်မျိုတွင် နာကျင်ခြင်း

မှတ်ချက် ။      ။ သိုင်းရွိုက်တွင် ဖြစ်သော အလုံးအများစုသည် ကင်ဆာကြောင့် မဟုတ်ပေ။ သိုင်းရွိုက် အလုံးသည် အယောက် ၂၀ တွင် ၁ယောက်ခန့်သာ ကင်ဆာကြောင့် ဖြစ်သည်။

 

သိုင်းရွိုက်ကင်ဆာကို ဘယ်လို သိရှိနိုင်မလဲ?

ရောဂါ သေချာမှု ရှိစေရန် လုပ်ရသော စမ်းသပ် စစ်ဆေးမှုများ

ပထမဆုံးအနေဖြင့် အာထရာဆောင်း စစ်ဆေးမှု စတင် လုပ်ဆောင်သည်။ အာထရာဆောင်း ရိုက်ခြင်းဖြင့် ကင်ဆာကို သေချာထင်ရနိုင်သလို ကင်ဆာ၏ နေရာ နှင့် အရွယ်အစားကိုပါ သိနိုင်သည်။ အာထရာဆောင်းသည် အန္တရာယ် ကင်း၊ နာကျင်မှု ကင်းသော စစ်ဆေးမှု ဖြစ်ပြီး အသံလှိုင်းကို အသုံးပြုကာ ခန္ဓာကိုယ်အတွင်းရှိ အင်္ဂါများ၏ ပုံရိပ်များကို ဖော်ထုတ်ပေးသည်။

ကင်ဆာ သေချာစေရန် နှင့် ကင်ဆာ အမျိုးအစားကို သိစေရန် သိုင်းရွိုက်အကျိတ်မှ အသားစ အနည်းငယ်ကို ထုတ်ယူသည်။ အသားစယူရန် ဆေးထိုးအပ်ငယ်တစ်ခုကို လည်ပင်းအလုံးရှိရာ နေရာသို့ ထိုးစိုက်သည်။ တစ်ခါ တစ်ရံ အလုံးကို သေချာရောက်စေရန် ဆရာဝန်သည် အာထရာဆောင်းကို အသုံးပြုသည်။ ထို့နောက် ရယူလာသော အသားစများကို အနုကြည့် မှန်ဘီလူးအောက်တွင် စစ်ဆေးသည်။ ဖြစ်ပွားသော ကင်ဆာ အမျိုးအစားပေါ်မူတည်၍ မှန်ဘီလူးအောက်တွင် တွေ့ရမှုများသည် ကွဲပြားသည်။

အခြား အသုံးပြုနိုင်သော စစ်ဆေးမှု တစ်ခုမှာ သိုင်းရွိုက် ရေဒီယို သတ္တိကြွ ပုံရိပ်ဖော် စစ်ဆေးမှု (radioisotope scan) ဖြစ်သည်။ ဤစစ်ဆေးမှုတွင် ရေဒီယို သတ္တိကြွအရည် အနည်းငယ်ကို ခန္ဓာကိုယ်တွင်းသို့ ထိုးသွင်းသည်။ ထို့နောက် ရေဒီယို သတ္တိကြွ ပုံရိပ်ဖော်စက်ကို သိုင်းရွိုက်နေရာသို့ ဖတ်စေသည်။ ကင်ဆာဆဲလ်များသည် ပုံမှန် သိုင်းရွိုက် ဆဲလ်များနှင့် မတူဘဲ ရေဒီယို သတ္တိကြွ ပစ္စည်းများကို သိပ်မယူပေ။ ထို့ကြောင့် သိုင်းရွိုက်တွင် ကင်ဆာဖြစ်သော နေရာကို ပုံရိပ်ဖော်ခြင်းဖြင့် သိနိုင်သည်။

 

ဖြစ်ပွားမှု နှင့် ပျံနှံ့မှုကို သိရန် စစ်ဆေးခြင်း

သိုင်းရွိုက်ကင်ဆာ ဖြစ်သည် ဟု သိရပါက သိုင်းရွိုက်ကင်ဆာသည် အခြားနေရာများသို့ ပျံ့နှံသွား သလားဆိုသည်ကို သိရှိရန် စစ်ဆေးမှုများ လိုအပ်သည်။ ထိုအခါ ကွန်ပျူတာ ဓါတ်မှန်၊ သံလိုက် ဓါတ်မှန်၊  သွေးစစ်မှုများ နှင့် ရေဒီယို သတ္တိကြွ ပုံရိပ်ဖော်ခြင်း စသည့် စစ်ဆေးမှု တစ်မျိုးမက လိုအပ် နိုင်သည်။

ကင်ဆာအဆင့်ကို သတ်မှတ်ခြင်းဖြင့် မည်သည့်ကုသမှုသည် အကောင်းဆုံးဖြစ်မည်ကို ဆရာဝန်ကို အကြံဖြစ် စေသည်။ ထို့ပြင် ကင်ဆာရောဂါ၏ ဖြစ်နိုင်သော ရလဒ်ကိုလည်း သိနိုင်သည်။

 

သိုင်းရွိုက်ကင်ဆာ အတွက် ကုသမှု နည်းလမ်းတွေက ဘာတွေလဲ?

စဉ်းစားနိုင်သော ကုသမှုနည်းလမ်းများတွင် ခွဲစိတ်ခြင်း၊ ကင်ဆာ ဆေးသွင်းကုသခြင်း ၊ ဓါတ်ရောင်ခြည်ဖြင့် ကုသခြင်း တို့ ပါဝင်သည်။ ကုသမှုနည်းလမ်း တစ်ခုထက် ပိုသုံးနိုင်သည်။ သိုင်းရွိုက်ကင်ဆာအမျိုးအစား အများစုသည် အောင်မြင်စွာ ကုသနိုင်ပြီး အများစုတွင် ပျောက်ကင်းသည်အထိ ဖြစ်နိုင်သည်။

လူနာသည် မိမိ ရောဂါအကြောင်းကို သေချာသိသော အထူးကုဆရာဝန်နှင့် သေချာဆွေးနွေးရမည်။ ဆရာဝန်က လူနာကို ၎င်းဖြစ်ပွားနေသော ကင်ဆာနှင့် ပတ်သက်၍ ကောင်းကျိုး ၊ဆိုးကျိုးများ (ဥပမာ - ခွဲစိတ်မှု အောင်မြင်နိုင်နှုန်း၊ ဖြစ်နိုင်သော ဘေးထွက်ဆိုးကျိုး၊ အခြားဖြစ်နိုင်သော ကုသမှု နည်းလမ်း အမျိုးမျိုး) ကို ရှင်းပြပေလိမ့်မည်။

လူနာကိုယ်တိုင်က သူ၏ အထူးကုဆရာဝန်နှင့် ကုသမှု၏ ရည်ရွယ်ချက်ကို ဆွေးနွေးသင့်သည်။ ဥပမာ -

- ကုသမှုသည် ပျောက်ကင်းစေရန်အတွက် ရည်ရွယ်သည်။ အချို့ ကင်ဆာများမှာ အဆင့်ငယ်တုန်း စောစီးစွာ ကုသလျှင် ပျောက်ကင်းနိုင်ပေသည်။

- ကုသမှုသည် ကင်ဆာရောဂါကို ထိန်းချုပ်ရန် ရည်ရွယ်သည်။ ကုသမှုသည် ပျောက်ကင်းရန် မရည်ရွယ်လျှင် ကင်ဆာရောဂါနှေးနှေးသာ တိုးတက်ရန် ကြီးထွားမှု ၊ ပျံ့နှံ့မှု နှုန်းကို တားဆီးနိုင်ရန်ဖြစ်သည်။ ထိုသို့ လုပ်ခြင်း ဖြင့် ရောဂါဝေဒနာ ခံစားရမှုကို အချိန်အနည်းငယ် ကင်းဝေးစေသည်။

- ကုသမှုသည် ရောဂါလက္ခဏာများကို သက်သာစေရန် ရည်ရွယ်သည်။ ကုသပျောက်ကင်းရန် မဖြစ်နိုင်ပါက ကုသမှုသည် ကင်ဆာ အရွယ်အစားကို လျော့ချခြင်းဖြင့် နာကျင်ခြင်းကဲ့သို့သော ဝေဒနာများကို သက်သာစေသည်။ ကင်ဆာသည် အဆင့်လွန်နေပါက ရောဂါခံစားရသူအနေဖြင့် အစာ ဖြည့်စွက်မှုများ၊ အနာ သက်သာဆေးများ၊ ရောဂါဝေဒနာခံစားရမှုကို သက်သာရန် အခြားနည်းလမ်းများ လိုအပ်သည်။

 

ခွဲစိတ်ကုသခြင်း

 

သိုင်းရွိုင်း၏ အစိတ်အပိုင်းအားလုံး (သို့) အစိတ်အပိုင်းအများစုကို ခွဲထုတ်ဖယ်ရှားခြင်းသည် အသုံးအများ ဆုံးသော ကုသမှု ဖြစ်သည်။ တစ်ခါ တစ်ရံ ခွဲစိတ်ဆရာဝန်သည် သိုင်းရွိုက် နှင့် ကပ်လျက်ရှိသော ပြန်ရည်ကျိတ်များကိုလည်း ကင်ဆာ ပျံ့နှံ့မှု ရှိ၊မရှိ စမ်းသပ်စစ်ဆေးရန် ဖယ်ထုပ်သည်။ ထိုသို့လုပ်ခြင်းဖြင့် ခွဲစိတ်ပြီးနောက်  သိုင်းရွိုက်ကင်ဆာ ပြန်ဖြစ်လာနိုင်မှုကို လျော့ချပေးသည်။

သိုင်းရွိုက်ကင်ဆာသည် အဆင့်စောပြီး အခြားနေရာများသို့ မပျံ့နှံ့သေးပါက ခွဲစိတ်ကုသမှုတစ်ခုတည်းဖြင့်ပင် ပျောက်ကင်းနိုင်သည်။

ခွဲစိတ်ပြီးနောက် သိုင်းရွိုက် အကျိတ်မှ ထုတ်သော ပုံမှန်ထုတ်သော ဟော်မုန်းများကို ပြန်လည် ဖြည့်တင်းရန် ဟော်မုန်းဆေးများကို သောက်ရန် လိုအပ်သည်။

 

ရေဒီယို သတ္တိကြွ အိုင်အိုဒင်းဖြင့် ကုသခြင်း

သိုင်းရွိုက်ကို ခွဲစိတ်ကုသပြီးနောက် လူများစွာတွင် ရေဒီယို သတ္တိကြွ အိုင်အိုဒင်းကုသမှုကို ပေးလေ့ရှိသည်။ ဤကုသမှုသည် ရေဒီယို သတ္တိကြွ အိုင်အိုဒင်းကို အသုံးပြုပြီး ခန္ဓာကိုယ်တစ်ဝန်းရှိ သိုင်းရွိုက် ကင်ဆာဆဲလ် များကို ဖျက်ဆီး ပစ်ခြင်း ဖြစ်သည်။ ဤကုသမှုကို အရည် (သို့) ဆေးတောင့် ပုံစံဖြင့် ပေးလေ့ရှိသည်။ သိုင်းရွိုက်ကင်ဆာဆဲလ်များသည်   အိုင်အိုဒင်းကို စုပ်ယူပြီး ဓါတ်ရောင်ခြည် ပမာဏ မြင့်မားစွာ ခံရပြီး နောက် ပျက်စီးသွားသည်။ ခန္ဓာကိုယ်ထဲရှိ အခြားဆဲလ်များသည် အိုင်အိုဒင်းကို မစုပ်ယူသောကြောင့် ဤ ကုသ မှု၏ ထိခိုက်မှုကို မခံရချေ။ ဓါတ်ရောင်ခြည်အများစုသည် ရက်အနည်းငယ်အတွင်း ခန္ဓာကိုယ်မှ ထွက်သွားသည်။

သို့သော် မက်ဒလာရီ သိုင်းရွိုက်ကင်ဆာ ၊ အနပလတ်စတစ် သိုင်းရွိုက်ကင်ဆာ များသည် ဤ ကုသမှုကို မတုန့်ပြန်သောကြောင့် ထိုကင်ဆာများတွင် ရေဒီယို သတ္တိကြွ အိုင်ဒိုဒင်းဖြင့် ကုသလေ့ မရှိချေ။

 

ကင်ဆာ ဆေးသွင်း ကုသခြင်း

ကင်ဆာဆေးသွင်း ကုသခြင်း ဆိုသည်မှာ ကင်ဆာ ဆဲလ်များကို သတ်နိုင်သော (သို့) ၎င်းတို့ ပွားများခြင်းကို တားနိုင်သော ဆေးများဖြင့် ကင်ဆာကို ကုသခြင်း ဖြစ်သည်။ ကင်ဆာ ဆေးသွင်း ကုသခြင်းကို သိုင်းရွိုက်ကင်ဆာအတွက် အသုံးပြု နည်းပြီး ကင်ဆာ ပြန်ဖြစ်လာခြင်း၊ ခန္ဓာကိုယ် အခြားနေရာများသို့ ပျံ့နှံ့ခြင်းတွင်သာ သုံးလေ့ရှိသည်။

 

ကုသပြီးနောက် ရက်ချိန်း ပြန်လည် ပြသစစ်ဆေးခြင်း

သိုင်းရွိုက်ကင်ဆာကို ကုသပြီးနောက် အထူးကုဆရာဝန်က ပုံမှန် ပြန်ခေါ်ကာ စစ်ဆေးမှုများ နှင့် သွေးစစ်မှုများကို လုပ်ရန် လိုအပ်သည်။

သိုင်ရို ဂလိုဗျူလင် သွေးတွင်း စစ်ဆေးမှုကို ပုံမှန် လုပ်ရန် လိုအပ်သည်။ သိုင်ရို ဂလိုဗျူလင် (thyroglobulin) သည် ပုံမှန် သိုင်းရွိုက် က ထုတ်ပေးသော ပရိုတင်း တစ်မျိုးဖြစ်ပြီး ပက်ပလာရီ နှင့် ဖော်လီကူလာ သိုင်းရွိုက် ကင်ဆာဆဲလ်များကလည်း ထုတ်ပေးသည်။ သိုင်ရို ဂလိုဗျူလင် ပမာဏကို ပုံမှန်တိုင်းတာ ပေးခြင်းဖြင့် သိုင်းရွိုက်ကင်ဆာဆဲလ်များ ကျန်၊ မကျန်ကို သိနိုင်သည်။

ထို့ပြင် ခန္ဓာကိုယ်တွင်း သိုင်းရွိုက်ကင်ဆာဆဲလ်များ ရှိ၊ မရှိကို သိရန် လိုအပ်ပါက ရေဒီယို သတ္တိကြွ စစ်ဆေး မှု ကို ရံဖန်ရံခါ လုပ်ရနိုင်ပေသည်။

 

သိုင်းရွိုက်ကင်ဆာရဲ့ ကုသမှု ရလဒ်က ဘယ်လို ရှိသလဲ?

သိုင်းရွိုက်ကင်ဆာ ဖြစ်သော လူများတွင် ကုသမှု ရလဒ်သည် အများအားဖြင့် အလွန်ကောင်းသည်။ ပက်ပလာရီ (သို့) ဖော်လီကူလာ သိုင်းရွိုက်ကင်ဆာဖြစ်သော လူများသည် ကုသပျောက်ကင်းနိုင်သော အခွင့်များသည်။

ကင်ဆာရောဂါကုသမှုသည် ဆေးပညာနယ်ပယ်၏ တိုးတက်နေသောနေရာဖြစ်သည်။ ကုသမှု အသစ်များသည် ဆက်လက်ထွက်ပေါ်နေပြီး အထက်တွင် ဖော်ပြထားမှုများသည် အလွန်ယေဘုယျ ဆန်သည်။ ရောဂါအကြောင်းကို သေချာသိသော အထူးကုဆရာဝန်က ကင်ဆာရောဂါ၏ ရလဒ်၊ ကင်ဆာရောဂါ၏ အမျိုးအစား နှင့် အဆင့်အရ ကုသမှုကို မည်သို့တုန့်ပြန်မည် စသည့် အတိအကျ အချက်အလက်များကို ရှင်းပြပေးနိုင်ပေလိမ့်မည်။

 

 






No comments:

Powered by Blogger.