အူမကြီး ကင်ဆာ

-Carcinoid Tumor (Carcinoid Cancer), Staging & Treatment - Dana-Farber  Cancer Institute | Boston, MA

အူမကြီး ကင်ဆာသည် အူမ သို့ အစာဟောင်းအိမ် ကင်ဆာ ဖြစ်သည်။ အူသေးကင်ဆာသည် ရှားပါးပြီး အူမ ကင်ဆာသည် အတွေ့ရများသည်။ အူမကြီးကင်ဆာသည် အူမ နှင့် အစာဟောင်းအိမ်၏ မည်သည့် အပိုင်းတွင် မဆို ဖြစ်နိုင်သည်။ အများဆုံး ဖြစ်သော နေရာများမှာ အူမအဆင်းပိုင်း၊ အူမ အဆုံးပိုင်း  နှင့် အစာဟောင်းအိမ်တို့ ဖြစ်သည်။

အူမကြီး ကင်ဆာသည် အူမကြီးနံရံတွင် ဖြစ်ပွားနေသော သေးငယ်သော အသားဖု ပေါလစ် (polyp) မှ စတင် ဖြစ်ပေါ်လာလေ့ရှိသည်။ တစ်ခါတစ်ရံ အူကင်ဆာသည် အူမကြီး နံရံတစ်လျှောက်ရှိ ဆဲလ်တစ်ခုမှ စတင်ဖြစ်ပေါ်သည်။

အချို့ရှားပါးကင်ဆာများလည်း အူကြီးပိုင်းတွင် ဖြစ်နိုင်သည်။(ဥပမာ - ကာစီးနွိုက် ကင်ဆာ (carcinoid cancer)၊ ပြန်ရည်ဆဲလ် ကင်ဆာ (lymphoma) ၊ ဆာကိုးမား (sarcoma))

ကင်ဆာဆဲလ်များ ပွားလာသည်နှင့်အမျှ ကင်ဆာ အလုံးပေါ်လာသည်။ ကင်ဆာသည် အူကြီးပိုင် နံရံအထဲသို့ ထိုးဖောက်ဝင်ရောက်သည်။ အချို့ဆဲလ်များသည် ပြန်ရည်ကြော နှင့် သွေးစီးကြောင်းများအတွင်းသို့ ပြုတ်ထွက်သွားသည်။ ထို့နောက် ကင်ဆာသည် အနီးနားရှိ ပြန်ရည်ကျိတ်များသို့ ပျံ့နှံရောက်ရှိနိုင်သလို အခြားခန္ဓာကို်ယ် အစိတ်အပိုင်းများ အထူးသဖြင့် အသည်း နှင့် အဆုတ်သို့ ရောက်နိုင်သည်။

 

အသားဖုငယ်များ နှင့် အူမကြီး ကင်ဆာ


အသားဖုငယ်ဆိုသည်မှာ အူမ နှင့် အစာဟောင်းအိမ် အတွင်းနံရံတွင် တစ်ခါတစ်ရံ ဖြစ်ပေါ်သော သေးငယ်သော အဖုဖြစ်သည်။ အသားဖုငယ်အများစုမှာ လူအိုများတွင် အဖြစ်များသည်။ အသက်ငါးဆယ်ကျော် လူလေးယောက်တွင် တစ်ယောက်ခန့်သည် အူကြီးပိုင်း အသာဖုငယ် တစ်ခုခန့် ရှိနိုင်သည်။ အသားဖုငယ်များသည် ကင်ဆာ မဟုတ်ဘဲ များသောအားဖြင့် ပြဿနာ မရှိတတ်ပေ။

သို့သော် တစ်ခါတစ်ရံ အသားဖုငယ်များသည် ကင်ဆာ အဖြစ်ပြောင်းသွားနိုင်သည်။ ထိုသို့ ပြောင်းလဲခဲ့လျှင် ပြောင်းလဲဖို့ရာအတွက် နှစ်အနည်းငယ် ကြာပေလိမ့်မည်။ အူကင်ဆာ အများစုသည် ၅ နှစ် မှ ၁၅ နှစ်ကြာ ရှိနေခဲ့သော အသားပို ဖုမှ ဖြစ်ပွားသည်။

 

ဘာတွေက အူကြီးပိုင်း ကင်ဆာကို ဖြစ်စေသလဲ?

အူမကြီး ကင်ဆာသည် ပုံမှန် မဟုတ်သည့် ဆဲလ်တစ်ခုမှ စတင်ဖြစ်ပေါ်သည်။ အဘယ်ကြောင့် ထိုဆဲလ်သည် ကင်ဆာ ဖြစ်စေရသနည်းကို သေချာစွာ မသိသေးချေ။ ဆဲလ်အတွင်း ရှိ မျိိုးရိုးဗီဇများကို တစ်စုံတစ်ခုက ပြောင်းလဲခြင်း၊ ထိခိုက်ခြင်း ဖြစ်စေသည်ဟု ယူဆကြသည်။ ထိုအရာက ဆဲလ်ကို ပုံမမှန် ဖြစ်စေပြီး အထိန်းအချုပ်မဲ့ ပွားများစေသည်။

လူတော်တော်များများတွင် သေချာသောအကြောင်းရင်းမရှိဘဲ အူမကြီး ကင်ဆာ ဖြစ်ပွားသည်။ သို့သော် အချို့အရာများသည် အူကြိးပိုင်း ကင်ဆာ ဖြစ်ပွားနိုင်မှုကို များစေသည်။ ၎င်းတို့မှာ

  •           အသက်အရွယ်ကြီးခြင်း - အူကင်ဆာသည် အသက်အရွယ် ကြီးသော လူများတွင် ဖြစ်ပွားသည်။ အူလမ်းကြောင်းကင်ဆာ ဖြစ်ပွားသူ ၁၀ ယောက်တွင် ၈ ယောက်ခန့်သည် အသက် ၆၀ ကျော် ဖြစ်သည်။
  •           မိဘညီအစ်ကို မောင်နှမများကြား အူလမ်းကြောင်းကင်ဆာ ဖြစ်ပွားခြင်း
  •           မျိုးရိုးလိုက် အူလမ်းကြောင်း အသားဖုငယ်များရှိခြင်း (သို့) အသားဖုငယ် မရှိသော မျိုးရိုးလိုက် အူကင်ဆာ ရှိခြင်း - ထိုရောဂါများမှာ ရှားပါးသည်။
  •           အူလမ်းကြောင်းရောင် ရောဂါလက္ခဏာစုကို ၈ နှစ်ကျော် ကြာအောင် ခံစားနေရခြင်း
  •           အဝလွန်ခြင်း
  •           လူနေမှု ဘဝ ပုံစံ - ကိုယ်လက် လှုပ်ရှားမှု အားနည်းခြင်း၊ အရက်များစွာ သောက်ခြင်း

 

အူမကြီးကင်ဆာ ဖြစ်ပွားမှုကို ကာကွယ်ပေးသော အကြောင်းအချက်များလည်း ရှိသည်။ ၎င်းတို့မှာ -

  •           မ ဟော်မုန်း အစားထိုး ကုသမှု ခံယူသော အမျိုးသမီးများ
  •           အသီးအနှံ နှင့် ဟင်းသီးဟင်းရွက်များစွာ စားသော သူများ
  •    အက်စပရင်ဆေး သောက်သောသူများ - လတ်တလော လေ့လာချက် များစွာအရ အက်စပရင် နေ့တိုင်း သောက်သုံးခြင်းက အူလမ်းကြောင်း ကင်ဆာ ဖြစ်ပွားမှုကို လျော့ကျစေနိုင်သည်။ သို့သော် အက်စပရင်သောက်သုံးခြင်းဖြင့် ဖြစ်လာနိုင်သော အန္တရာယ်များလည်း ရှိသည်။ (ဥပမာ - အစာအိမ် သွေးယိုခြင်း) ထို့ကြောင့် လတ်တလောတွင် အစာလမ်းကြောင်း ကင်ဆာ ဖြစ်ပွားမှု လျော့ကျစေရန်တစ်ခုတည်းအတွက် အက်စပရင် သောက်ခြင်းကို အားမပေးချေ။

 

အူမကြီးကင်ဆာရဲ့ ရောဂါ လက္ခဏာတွေက ဘာတွေလဲ?


အူလမ်းကြောင်း ကင်ဆာ စတင်ဖြစ်ပွားပြီး သေးငယ်ချိန်တွင် မည်သည့် လက္ခဏာမျှ ပြလေ့မရှိပေ။ ကြီးထွားလာသည်နှင့် အမျှ ဖြစ်ပေါ်လာသော လက္ခဏာများမှာ ကင်ဆာ တည်ရှိရာနေရာပေါ် မူတည်၍ ကွာခြားမှု ရှိသည်။

အဖြစ်များသော အူမကြီးကင်ဆာ၏ ရောဂါလက္ခဏာများမှာ

  •        ကင်ဆာ မှ သွေးထွက်ခြင်း - ဝမ်းထဲတွင် သွေးများ ရောပါလာသည်ကို တွေ့နိုင်သည်။ တစ်ခါတစ်ရံ သွေးများက ဝမ်းအရောင်ကို အမည်းရောင်ဖြစ်စေသည်။ သွေးထွက်ခြင်းသည် ပြင်းထန်လေ့မရှိဘဲ အများစုတွင် ဝမ်းနှင့် အနည်းငယ်သာ  ရောနေသောကြောင့် သတိမပြုမိဘဲ ရှိတတ်သည်။ သို့သော် သွေးနည်းနည်းချင်း ပုံမှန်ထွက်နေကြောင့် သွေးအားနည်းပြီး ဖြူဖျော့လာကာ မောပန်းလွယ်သည်။
  •           ဝမ်းထဲတွင် အကျိအချွဲများပါခြင်း
  •           ပုံမှန် ဝမ်းသွားမှု ပုံစံ ပြောင်းလဲခြင်း - ဆိုလိုသည်မှာ ပုံမှန်ထက် ဝမ်းသွားမှု အကြိမ်ရေ များလာခြင်း (သို့) ဝမ်းချုပ်ခြင်း ဖြစ်တတ်သည်။
  •           ဝမ်းသွားပြီးနောက် အစာဟောင်းအိမ်အတွင်း ဝမ်းကျန်သည်ဟု ခံစားရခြင်း
  •           ဗိုက်အောင့်ခြင်း

ကင်ဆာသည် ဆက်လက်ကြီးထွားလာသည်နှင့်အမျှ ရောဂါလက္ခဏာများသည် ပိုဆိုးလာသည်။ ၎င်းတို့တွင်

  •           အထက်ပါ ရောဂါလက္ခဏာများ ပိုဆိုးလာခြင်း
  •           နွမ်းနယ် ပင်ပန်းနေထိုင်မကောင်းခြင်း နှင့် ကိုယ်အလေးချိန်ကျလာခြင်း
  •           ကင်ဆာ ကြီးလာသည်နှင့်အမျှ အူလမ်းကြောင်းကို ပိတ်ဆို့ခြင်း ဖြစ်လာနိုင်သည်။ ထိုသို့ဖြစ်လျှင် ဗိုက်အလွန်အောင့်ခြင်း၊ ဗိုက်ဖောင်းခြင်း နှင့် အော့အန်ခြင်းတို့ ဖြစ်တတ်သည်။
  •           တစ်ခါတစ်ရံ ကင်ဆာသည် ကြီးလာပြီး ပေါက်ထွက်သွားက အူနံရံတွင် အပေါက်ဖြစ်လာသည်။ ထိုသို့ ဖြစ်လျှင် ဝမ်းများသည် ဝမ်းဗိုက်အတွင်းသို့ ယိုစိမ့်ပြီး အလွန်အမင်းနာကျင်ခြင်း ဖြစ်လာသည်။

အကယ်၍ ကင်ဆာသည် အခြားနေရာများသို့ ပျံ့နှံ့သွားလျှင် အခြား ရောဂါလက္ခဏာ မျိုးစုံ ဖြစ်လာနိုင်သည်။

အထက်ပါ ရောဂါလက္ခဏာများသည် အခြား အခြေအနေများကြောင့်လည်း ဖြစ်နိုင်သောကြောင့် အူမကြီး ကင်ဆာကို အတည်ပြုရန် စစ်ဆေးမှုများ လိုအပ်သည်။

 

အူမကြီးကင်ဆာကို ဘယ်လို ရောဂါအတည်ပြုပြီး စစ်ဆေးမလဲ?

ဦးစွာ စစ်ဆေးချိန်ဆခြင်း

လူတစ်ယောက်သည် အူမကြီးကင်ဆာ ရှိသည်ဟု သံသယရှိပါက ဆရာဝန်က စမ်းသပ်စစ်ဆေးပေလိမ့်မည်။ ထိုသို့ စမ်းသပ်စစ်ဆေးခြင်းတွင် စအိုတွင်း နှိုက် စမ်းသပ်ခြင်း ပါဝင်သည်။ ဆရာဝန်သည် လက်အိပ် စွပ်ထားသော လက်ချောင်းဖြင့် စအိုကို ဖြတ်၍ အစာဟောင်းအိမ်အတွင်းသို့ လက်နှိုက်စမ်းသပ်ကာ အစာဟောင်းအိမ် နှောင်းပိုင်းတွင် ကင်ဆာရှိ မရှိ စမ်းကြည့်ပေလိမ့်မည်။ သို့သော် ကင်ဆာသည် အစောပိုင်းအဆင့်တွင်ပင် ရှိနေသေးလျှင် စမ်းသပ်မှုသည် ပုံမှန်ပင်ဖြစ်ပြီး ဆရာဝန်က အထူးကုဆရာဝန်ထံသို့ ပို့ဆောင်ပေလိမ့်မည်။ အောက်ပါ စစ်ဆေးမှုမျာကို ပြုလုပ်ပေလိမ့်မည်။

          အူမကြီး လမ်းကြောင်းကြည့် မှန်ပြောင်းဖြင့် ကြည့်ရှုခြင်း (Colonoscopy) - ဤနည်းသည် သေးငယ်၍ ရှည်လျားသော မှန်ပြောင်းရှည်ဖြင့် စအိုကို ဖြတ်ကာ အစာဟောင်းအိမ်နှင့်အူမကို ကြည့်ရှုစစ်ဆေးခြင်း ဖြစ်သည်။ ထိုသို့ လုပ်ခြင်းဖြင့် အစာဟောင်းအိမ်နှင့်အူမ တစ်လျှောက်ကို အသေးစိတ်ကြည့်ရှု နိုင်ပေသည်။

          အူမကြီး နှောင်းပိုင်းကြည့် မှန်ပြောင်းဖြင့် ကြည့်ရှု စစ်ဆေးခြင်း (Flexible sigmoidoscopy) - အူမကြိး လမ်းကြောင်းကြည့် မှန်ပြောင်းနှင့် ဆင်တူသည်။ ကွာခြားချက်မှာ ဤမှန်ပြောင်းသည် ပိုုတိုပြီး အစာဟောင်းအိမ် နှင့် အူမကြီး နှောင်းပိုင်းကိုသာ ကြည့်ရှု စစ်ဆေးနိုင်သည်။

          ကွန်ပျူတာဓါတ်မှန် ဖြင့် အူလမ်းကြောင်း ပုံဖော်ခြင်း (CT colonography) - ဤစစ်ဆေးမှုတွင်  အိတ်စရေးကို အသုံးပြုပြီး အူမ နှင့် အစာဟောင်းအိမ် ပုံရိပ်အတွဲကို တည်ဆောက်သည်။ ထို့နောက် ကွန်ပျုတာက ထိုပုံရိပ်များကို အူမ နှင့် အစာဟောင်းအိမ် အတွင်း ပုံရိပ်ရရှိအောင် တည်ဆောက် ဖန်တီး ပေးသည်။


          ဆေးသွင်း ဓါတ်မှန် ရိုက်ခြင်း (Barium enema) - ဤဓါတ်မှန် ရိုက်ခြင်းသည် အူမကြီးနှင့် အစာဟောင်းအိမ် လမ်းကြောင်းတို့၏ ပုံရိပ်များကို ရရှိစေသည်။ အူမ နှင့် အစာဟောင်းအိမ်တို့သည် ပုံမှန် ဓါတ်မှန်တွင် သေချာ မမြင်နိုင်ပေ။ သို့သော် ဘေရီယမ် (Barium) အရည်ကို အူမ နှင့် အစာဟောင်းအိမ်အတွင်းသို့ ထည့်သောအခါ ၎င်းတို့၏ လမ်းကြောင်းပုံရိပ်ကို ထင်ရှားစွာ မြင်နိုင်သည်။ မှန်ပြောင်းကြည့်ရှု စစ်ဆေးခြင်း ပေါ်လာပြီးနောက် ဤစစ်ဆေးမှုကို သိပ်မလုပ်ဖြစ်ကြတော့ချေ။

ရောဂါသေချာစေရန် အသားစယူ၍ စစ်ဆေးခြင်း

ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုဆီမှ တစ်သျှူးနမူနာအနည်းငယ် ယူခြင်းကို အသားစယူခြင်း ဟု ခေါ်သည်။ အဆိုပါ နမူနာကို မှန်ဘီလူးအောက်တွင် ပုံမမှန် ဆဲလ် ရှိ၊ မရှိ ရှာဖွေ စစ်ဆေးသည်။ မှန်ပြောင်း ဖြင့် ကြည့်လျှင် ပုံမှန် မဟုတ်သော နေရာကို မြင်နိုင်ပြီး ဆရာဝန်က အသားစ ယူနိုင်သည်။ အသားစ ယူရန် မှန်ပြောင်းရှိ လမ်းကြောင်းမှတဆင့် ဆုပ်ကိုင်ယူနိုင်သော ကိရိယာငယ်ကို ဖြတ်သန်းစေခြင်း ဖြစ်သည်။ အသားစအဖြေရရန် တစ်ပတ်၊ နှစ်ပတ် ခန့် စောင့်ရသည်။

ကင်ဆာရောဂါ၏ ပမာဏ နှင့် ပျံ့နှံ့မှုကို စစ်ဆေးခြင်း

အူကြီးပိုင်း ကင်ဆာ ရှိသည် ဟု သေချာလျှင် ကင်ဆာရောဂါ၏ ပျံ့နှံ့မှုကို သိရှိရန် စစ်ဆေးမှုများ လိုအပ်သည်။

ဥပမာ - ကွန်ပျူတာ ဓါတ်မှန် ရိုက်ခြင်း၊ သံလိုက်ဓါတ်မှန် ရိုက်ခြင်း၊ အာထရာဆောင်း ပုံရိပ် ဖတ်ခြင်း၊ ဤသို့ စစ်ဆေးခြင်းကို ကင်ဆာ အဆင့်သတ်မှတ်ခြင်း ဟု ခေါ်သည်။


ကင်ဆာအဆင့် သတ်မှတ်ခြင်း၏ ရည်ရွယ်ချက်မှာ -

- ကင်ဆာသည် အူထဲတွင် မည်မျှရှိသည်၊ ကင်ဆာသည် အူနံရံကို အနည်းငယ် သို့ အပြည့်အဝ ဖြတ်ကျော်ကြီးထွားနေသည်ကို ရှာဖွေရန်

- ကင်ဆာသည် ဝန်းကျင်ရှိ ပြန်ရည်ကျိတ်များသို့ ပျံ့နှံံံ့ခြင်း ရှိ၊ မရှိ သိရှိရန်။

- ကင်ဆာသည် ခန္ဓာကိုယ်ရှိ အခြားနေရာများသို့ ပျံ့နှံ့ခြင်း ရှိ၊ မရှိကို သိရှိရန် တို့ဖြစ်သည်။

ကင်ဆာအဆင့်ကို သတ်မှတ်ခြင်းဖြင့် မည်သည့်ကုသမှုသည် အကောင်းဆုံးဖြစ်မည်ကို ဆရာဝန်ကို အကြံဖြစ်စေသည်။ ထို့ပြင် ကင်ဆာရောဂါ၏ ဖြစ်နိုင်သော ရလဒ်ကိုလည်း သိနိုင်သည်။ အူမကြီး ကင်ဆာ အတွက်မူ ခွဲစိတ်မှု လုပ်ပြီး ကင်ဆာကို မထုတ်မီအထိ ကင်ဆာအဆင့်ကို သေချာ မသိနိုင်ပေ။ ကင်ဆာ၊ ပြန်ရည်ကျိတ် နှင့် ပျံ့နှံအခြေအနေ တို့ပေါ် မူတည်၍ ကင်ဆာအဆင့်ကို ဆုံးဖြတ်သည်။

 

အူလမ်းကြောင်း အသားပို အဖုငယ်အတွက်  ကုသမှုက ဘာလဲ?

မှန်ပြောင်းဖြင့် ကြည့်ရှု စစ်ဆေးစဉ်အတွင်း အသားပို အဖုငယ် တွေ့ပါက မှန်ပြောင်းမှတဆင့် ခွဲစိတ်ဖယ်ရှားနိုင်သည်။

  •         အဖုငယ်အများစုမှာ ကင်ဆာဆဲလ်များ မပါပေ။ သို့သော် ထိုအသားပိုငယ်ကို ဖယ်ရှားခြင်းဖြင့် နောင်တွင် ကင်ဆာဖြစ်လာနိုင်မှုကို ကာကွယ်နိုင်သည်။
  •        အချို့ အသားပိုငယ်များတွင် ကင်ဆာဆဲလ်များ ပါဝင်သည်။ ထိုဆဲလ်များသည် အသားပို အတွင်းပင် တည်ရှိနေသေးလျှင် အသားပိုကို ဖယ်ရှားခြင်းသည် ပျောက်ကင်းအောင် ကုသပေးနိုင်သည်။ အကယ်၍ ထိုဆဲလ်များသည် အူနံရံအထိ ဖြတ်ကျော်ရောက်ရှိပါက အဆိုပါ အူအစိတ်အပိုင်းကို ဖြတ်တောက်ခွဲစိတ်ရန် ခွဲစိတ်မှု လိုပေလိမ့်မည်။

 

အူမကြီး ကင်ဆာအတွက် ကုသမှု နည်းလမ်းတွေက ဘာတွေလဲ?

ကုသမှုနည်းလမ်းများတွင် ခွဲစိတ်ကုသခြင်း၊ ကင်ဆာဆေးသွင်းကုသခြင်း နှင့် ဓါတ်ရောင်ခြည်ဖြင့် ကုသခြင်းတို့ ပါဝင်သည်။ အူကြီးပို်င်းကင်ဆာအတွက် ကုသမှုကို အကြံပေးရာတွင် ကင်ဆာ အဆင့် နှင့် အထွေထွေ ကျန်းမာရေး အခြေအနေ စသော အမျိုးမျိုးသော အကြောင်းအရာတို့ကို ထည့်သွင်းစဉ်းစားသည်။

သင့်ရောဂါ အခြေအနေကို သိသော အထူးကု ဆရာဝန်နှင့် သင့်ရောဂါ အခြေအနေကို သေချာဆွေးနွေးသင့်သည်။ သူတို့သည် သင့်ကို ကောင်းကျိုး၊ ဆိုးကျိုးများကို ရှင်းပြပေးနိုင်သည်။ ဥပမာ - ကုသမှု အောင်မြင်နိုင်မှု ၊ ဖြစ်နိုင်သော ဆိုးကျိုး၊ သင့်ကင်ဆာရောဂါ အမျိုးအစားနှင့် ပတ်သက်၍ ဖြစ်နိုင်သော ကုသမှု ရွေးချယ်ပိုင်ခွင့် အမျိုးမျိုးတို့အကြောင့် အသေးစိတ် ရှင်းပြပေးနိုင်သည်။

အထူးကုနှင့် ကုသမှု၏ ရည်မှန်းချက်ကိုလည်း ဆွေးနွေးသင့်သည်။ ဥပမာ-

-ကုသမှု ရည်ရွယ်ချက်မှာ အများစုတွင် ကင်ဆာရောဂါ ပျောက်ကင်းရန် ဖြစ်သည်။ တိတိကျကျပြောရလျှင် ကင်ဆာ ရောဂါ အဆင့်စောလေလေ၊ ကုသရန် ပျောက်ကင်းနိုင်မှု များလေလေ ဖြစ်သည်။ (ဆရာဝန်များသည် ပျောက်ကင်းခြင်း အစား ရောဂါ ငုတ်သွားခြင်း ဟု သာ သုံးလိုကြသည်။ ရောဂါငုတ် သွား ခြင်းမှာ ကုသပြီးနောက် ကင်ဆာရောဂါနှင့် ပတ်သက်သောအထောက်အထား မရှိခြင်းဖြစ်သည်။ သင်သည် ရောဂါ ငုတ်သွားလျှင် ပျောက်ကင်းနိုင်ပေသည်။ သို့သော် အချို့လူများတွင် ကင်ဆာသည် လပေါင်းနှစ်ပေါင်းများစွာ ကြာမှ ပြန်ဖြစ်လာသည်။ ထို့ကြောင့် ဆရာဝန်များသည် ကုသပျောက်ကင်းသည် ဟူသော စကားကို သုံးရန် တွန့်ရွံ့ကြသည်။)

- ကုသမှုသည် ကင်ဆာကို ထိန်းချုပ်ရန် ရည်ရွယ်နိုင်သည်။ ကုသပျောက်ကင်းရန် လက်တွေ့မဖြစ်နိုင်လျှင် ကုသမှုဖြင့် ကင်ဆာ၏ ကြီးထွားမှုနှင့် ပျံ့နှံ့မှုတို့ကို တားနိုင်သောကြောင့် ကင်ဆာသည် ပို၍ ဖြည်းစွာသာ ရှေ့တိုးနိုင်သည်။ ဤသို့ပြုခြင်းဖြင့် သင့်ကို ကင်ဆာရောဂါ လက္ခဏာများ ကင်းစေရန် အချိန်အတန်ကြာ ထိန်းထားနိုင်ပေသည်။

-ကုသမှုသည် အချို့လူများတွင် ရောဂါလက္ခဏာများ သက်သာစေရန် ရည်ရွယ်သည်။ ပျောက်ကင်းအောင် မကုသနိုင်လျှင်တောင်  ကုသမှုသည် ကင်ဆာ၏ အရွယ်ကို သေးငယ်စေနိုင်ပြီး နာကျင်မှု လက္ခဏာများကို သက်သာစေနိုင်သည်။ အချို့ကုသမှုများသည် ကင်ဆာ၏ အရွယ်ကို လျော့ချပေးပြီး နာကျင်ခြင်း၊ အစာမျိုရန် ခက်ခဲခြင်း စသော ရောဂါလက္ခဏာများကို သက်သာစေသည်။

 

ခွဲစိတ်ကုသခြင်း (Surgery)

တစ်ခါတစ်ရံ မူလ အူမကြီးကင်ဆာကို ခွဲစိတ်ကာ ဖယ်ရှားနိုင်သည်။ ကင်ဆာ အဆင့်စောလျှင် ကင်ဆာကို ဖယ်ထုတ်ပစ်ခြင်းဖြင့် ပျောက်ကင်းနိုင်သည်။ ကင်ဆာ အပါအဝင် ကင်ဆာ အထက်ပိုင်း နှင့် အောက်ပိုင်းရှိ အူလမ်းကြောင်းကို ဖယ်ထုတ်ပစ်ရန် ဖြစ်သည်။ ထိုအပိုင်းကို ဖယ်ထုတ်ပြီးနောက် ဖြစ်နိုင်လျှင် ဖြတ်လိုက်သော အူနှစ်စကို ပြန်ဆက်ပေးသည်။

  • တစ်ခါတစ်ရံ ဆက်ထားသော နေရာများ ဝမ်းမပေကျံစေဘဲ ကောင်းကောင်းပြန်ဆက်စေရန် ခေတ္တ အူမ ဝမ်းလမ်းကြောင်းလွဲပေါက် (Colostomy) ကို အရေပြားတွင် ထုတ်ထားသည်။ ထိုဆက်ထားသော နေရာများ လအနည်းငယ်အကြာ ပြန်ကျက်လာသောအခါ ထို ဝမ်းလွဲပေါက်ကို ပြန်ပိတ်ပေးသည်။
  • အကယ်၍ ကင်ဆာသည် အစာဟောင်းအိမ် အောက်ပိုင်းနားတွင် ရှိပါက အစာဟောင်းအိမ် နှင့် စအိုကို ဖယ်ထုတ်ရန် လိုသည်။ ထိုနောက် အမြဲတမ်း ဝမ်းလမ်းကြောင်းလွဲပေါက်ကို ဗိုက်တွင် ဖောက်ထား ရမည်။

အူမ ဝမ်းလမ်းကြောင်းလွဲပေါက် ဆိုသည်မှာ ဝမ်းဗိုက်နံရံကို ဖြတ်၍ ဖောက်လုပ်ထားသောအပေါက် ဖြစ်သည်။ အူမ အပိုင်းတစ်ပိုင်းကို ဖြတ်၍ အစွန်းများကို ဝမ်းဗိုက်နံရံရှိ အပေါက်နှင့် တွဲချုပ်ထားခြင်း ဖြစ်သည်။ ထိုသို့လုပ်ခြင်းကို ဝမ်းလွှဲပေါက် ဖောက်ခြင်းဟု ခေါ်ပြီး ဝမ်းများကို အူမထဲမှ အပြင်ရှိ အိတ်အထဲသို့ ရောက်စေသည်။

ကင်ဆာသည် အဆင့်မြင့်နေပြီး ပျောက်ကင်းအောင် မကုသနိုင်လျှင်တောင်မှ ခွဲစိတ်ကုသခြင်းသည် ရောဂါလက္ခဏာများကို သက်သာစေသည်။ ဥပမာ ပိတ်နေသော အူမကို ပွင့်အောင် ပြွန်ချောင်း ခံထားနိုင်သည်။ ပြွန်ချောင်းဆိုသည်မှာ ပိတ်နေ၊ ကျဉ်းနေသော အူမပိုင်းကို ဖြတ်ကာထည့်ထားသော ပါးလွှာသော သတ္တုပြွန် ဖြစ်သည်။ ၎င်းသည် ကျယ်စွာ ဖွင့်နိုင်ပြီး နောက်တစ်ကြိမ် ပိတ်မှုကို ကာကွယ်ရန် အူမထဲတွင်  ရှိနေသည်။

ကင်ဆာဆေးသွင်းကုသခြင်း(Chemotherapy) နှင့် ဓါတ်ရောင်ခြည်ဖြင့်ကုသခြင်း (Radiotherapy)

ဤကုသမှုတစ်မျိုးမျိုးကို ကင်ဆာ နေရာ နှင့် အဆင့်ပေါ် မူတည်၍ ပေးလေ့ရှိသည်။

          ကင်ဆာဆေးသွင်းကုသခြင်းဆိုသည်မှာ ကင်ဆာဆဲလ်များကို သတ်သော (သို့) ကင်ဆာဆဲလ်များ ပွားများခြင်းကို တားဆီးသော ကင်ဆာ ဆန့်ကျင်ဆေးများဖြင့် ကုသခြင်းဖြစ်သည်။ အူမကင်ဆာများအတွက် ကင်ဆာဆေးသွင်းကုသခြင်းကို ပိုမိုတွင်ကျယ်စွာ အသုံးပြုလာကြသည်။

          ဓါတ်ရောင်ခြည်ဖြင့် ကုသခြင်းဆိုသည်မှာ စွမ်းအင်ပမာဏ မြင့်မားသော ဓါတ်ရောင်ခြည်တန်းများကို ကင်ဆာ တစ်သျှူးများအပေါ်သို့ စူးစိုက်ပစ်လွှတ်သော ကုသမှုတစ်မျိုးဖြစ်သည်။ ထိုသို့လုပ်ခြင်းဖြင့် ကင်ဆာ ဆဲလ်များကို သေစေသည် (သို့) ပွားများခြင်းကို တန့်စေသည်။ ကင်ဆာသည် အစာဟောင်းအိမ်တွင် တည်ရှိသောအခါ ဤနည်းလမ်းကို အများဆုံး အသုံးပြုသည်။

အထက်ပါနည်းများကို ခွဲစိတ်မှုနှင့် တွဲလုပ်သောအခါ တွဲစပ် ဆေးသွင်းကုသခြင်း (adjuvant chemotherapy) သို့ တွဲစပ် ဓါတ်ကင်ကုသခြင်း (adjuvant radiotherapy) ဟုခေါ်သည်။ ဥပမာ ခွဲစိတ်ကုသပြီးနောက် ကင်ဆာဆေးသွင်းကုသခြင်း သို့ ဓါတ်ရောင်ခြည်ဖြင့် ကုသခြင်းကို ပြုလုပ် ခြင်း ဖြစ်သည်။ ရည်ရွယ်ချက်မှာ မူလ ကင်ဆာ နေရာမှ အခြားနေရာများသို့ ပျံ့နှံ့သွားသော ကင်ဆာဆဲလ်များကို သတ်ရန် ဖြစ်သည်။ တစ်ခါတစ်ရံ ကင်ဆာ ဆေးသွင်းကုသခြင်း သို့ ဓါတ်ရောင် ခြည်ဖြင့်ကုသခြင်း ကို ခွဲစိတ်မှု မပြုခင် ပေးလေ့ရှိသည်။ ရည်ရွယ်ချက်မှာ ကင်ဆာကို အရွယ်အစာ ကျုံ့စေပြီး ခွဲစိတ်မှု ပိုမိုလွယ်ကူစေရန် ဖြစ်သည်။ ၎င်းကို ကြိုတင် ကင်ဆာ ဆေးသွင်းကုသခြင်း သို့ ကြိုတင် ဓါတ်ရောင်ခြည်ဖြင့် ကုသခြင်းဟု ခေါ်သည်။

 

အူမၾကီးကင္ဆာကုသမႈရဲ႕ ရလဒ္က ဘယ္လိုရွိသလဲ?

လွန်ခဲ့သော ဆယ်စုနှစ်အတွင်း အူမကင်ဆာ ကုသမှု၏ ရလဒ်များမှာ တိုးတက်မှု ရှိသည်။ ကုသမှု မခံယူလျှင် အူမကြီးကင်ဆာသည် ပိုကြီးလာကာ ခန္ဓာကိုယ် အခြားနေရာများသို့ ပျံ့နှံ့ဖို့ အခွင့်အလမ်းပိုများသည်။ သို့သော် အများစုတွင် ကင်ဆာသည် ဖြည်းဖြည်းချင်းကြီးလာပြီး အူမနံရံတွင် မဖောက်ထွက် မပျံ့နှံံ့ဘဲ လပေါင်းအတော်ကြာကြာ ရှိနေတတ်သည်။ ထိုအချိန်တွင် စောစီးစွာ သိရှိပြီး ကုသလျှင် (ဆိုလိုသည်မှာ ကင်ဆာသည် အူနံရံကို ဖြတ်ကျော်ထွက်သွားခြင်း၊ ပြန်ရည်ကျိတ်များသို့ ရောက်ရှိခြင်း မရှိခင် အချိန်) ခွဲစိတ်မှုဖြင့် ကုသပျောက်ကင်းနိုင်ရန် အခွင့်အလမ်းများသည်။

၂၀၀၉ ခုနှစ် အချက်အလက်များအရ ကင်ဆာ အဆင့် အေ (အစောပိုင်းကင်ဆာအဆင့်) တွင် ဆယ်ယောက်တွင် ကိုးယောက်ကျော်သည် ကင်ဆာတိုက်ခိုက်မှုမှ ရှင်သန်နိုင်သည်။ လက်ရှိတွင် အူမကင်ဆာ ခံစားရသူ ၇ယောက်တွင် တစ်ယောက်သာ အေ အဆင့်တွင် တွေ့ရသည်။ အကြောင်းမှာ ထိုအဆင့်တွင် ကင်ဆာသည် သေးငယ်ပြီး မည်သည့် လက္ခဏာမျှ မပြတတ်ချေ။ သို့သော် ရောဂါစစ်ဆေး ရှာဖွေခြင်းဖြင့် ကင်ဆာ အဆင့် အေ များကို ပိုမို တွေ့နိုင်သည်။

အကယ်၍ ကင်ဆာသည် အူမနံရံကို ဖြတ်ကျော်ထွက်သွားခြင်း၊ ပြန်ရည်ကျိတ်များသို့ ရောက်ရှိခြင်းတို့ ဖြစ်သော အချိန်မှသာ သိရလျှင် ကုသပျောက်ကင်းရန် အခွင့်အလမ်းနည်းပေသည်။ သို့သော် ကုသခြင်းများဖြင့် ရောဂါ၏ ပိုဆိုးလာမှုကို နှေးစေသည်။

ကင်ဆာရောဂါကုသမှုသည် ဆေးပညာနယ်ပယ်၏ တိုးတက်နေသောနေရာဖြစ်သည်။ ကုသမှု အသစ်များသည် ဆက်လက်ထွက်ပေါ်နေပြီး အထက်တွင် ဖော်ပြထားမှုများသည် အလွန်ယေဘုယျ ဆန်သည်။ ရောဂါအကြောင်းကို သေချာသိသော အထူးကုဆရာဝန်က ကင်ဆာရောဂါ၏ ရလဒ်၊ ကင်ဆာရောဂါ၏ အမျိုးအစား နှင့် အဆင့်အရ ကုသမှုကို မည်သို့တုန့်ပြန်မည် စသည့် အတိအကျ အချက်အလက်များကို ရှင်းပြပေးနိုင်ပေလိမ့်မည်။

 

အူမကြီး ကင်ဆာကို  ကြိုတင်စစ်ဆေးရှာဖွေခြင်း (Screening)


ကြိုတင်စစ်ဆေးရှာဖွေခြင်း ဆိုသည်မှာ ရောဂါတစ်ခုသည် လက္ခဏာမပြခင် အချိန် ၊ ကုသလျှင် ပျောက်ကင်း နိုင်သော အချိန်တွင် တွေ့ရန် ရှာဖွေခြင်း ဖြစ်သည်။

အူမကြီး ကင်ဆာ ကြိုတင်စစ်ဆေးရှာဖွေရာတွင် ရိုးရှင်းလွယ်ကူသော နည်းဖြစ်သော ဝမ်းထဲတွင် သွေး ပါ၊မပါ စစ်ဆေးမှုဖြင့် စတင်သည်။ အသက်ကြီးသောလူများတွင် စစ်ဆေးလေ့ရှိသည်။ ထို့အပြင် အချို့လူငယ်များတွင် အူမကြီးကင်ဆာ ဖြစ်ရန် အန္တရာယ်များပါက ကြိုတင်စစ်ဆေးရှာဖွေခြင်းကို အားပေး လေ့ရှိသည်။

No comments:

Powered by Blogger.