အဆုတ်ကင်ဆာ ?

 Lung Cancer: Symptoms, Diagnosis, Stages, Survival Rates, Treatment, and  Prevention

အဆုတ်အမြှေးပါး ပေါ်မှ ဖြစ်ပေါ်လာသော ကင်ဆာ ဖြစ်သည်။ ပိုတိတိကျကျ ပြောရလျှင် ဤကင်ဆာ မျိုးသည် အဆုတ်ကင်ဆာ မဟုတ်ချေ။

အဆုတ်ကင်ဆာကို ဘာက ဖြစ်စေသလဲ?

 

ကင်ဆာအလုံးသည် ပုံမှန် မဟုတ်သော ဆဲလ်တစ်ခုမှ စတင်သည်။ ဆဲလ်အတွင်း ရှိ မျိိုးရိုးဗီဇများကို တစ်စုံတစ်ခုက ပြောင်းလဲခြင်း၊ ထိခိုက်ခြင်း ဖြစ်စေသည်ဟု ယူဆကြသည်။ ထိုအရာက ဆဲလ်ကို ပုံမမှန် ဖြစ်စေပြီး အထိန်းအချုပ်မဲ့ ပွားများစေသည်။ အချို့အကြောင်းအချက်များသည် အဆုတ်ကင်ဆာ ဖြစ်ပွားမှုကို မြင့်စေသည်။

ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်ခြင်းသည် အဓိက အန္တရာယ် ရှိစေသော အချက် တစ်ချက်ဖြစ်ပြီး အဆုတ်ကင်ဆာ ဖြစ်ရခြင်း၏ အဓိက အကြောင်းရင်းဖြစ်သည်။ ဆေးလိပ်အငွေ့တွင် ပါဝင်သော ဓါတု ပစ္စည်းများမှာ ကင်ဆာ ဖြစ်စေနိုင်သည်။ ထိုအရာများက ဆဲလ်များကို ထိခိုက်စေနိုင်ပြီး ကင်ဆာ ဖြစ်ပေါ်စေသည်။ အဆုတ်ကင်ဆာ ၁၀ ယောက်တွင် ငါးယောက်သည် ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်သည်။

တစ်နေ့လျှင် စီးကရက် ၁ လိပ် မှ ၁၄ လိပ် အတွင်း သောက်သုံးသူတို့သည် ဆေးလိပ် မသောက်သူများနှင့် နှိုင်းယှဉ်ပါက အဆုတ်ကင်ဆာကြောင့် သေနိုင်ချေ ၈ ဆ ပိုများသည်။ တစ်နေ့လျှင် စီးကရက် ၂၅ လိပ်နှင့် အထက် သောက်သုံးသူတို့တွင် ၂၅ ဆ ပိုများသည်။ သို့သော် အဆုတ်ကင်ဆာ ဖြစ်နိုင်ချေ အန္တရာယ်သည် လူတစ်ယောက် မည်မျှကြာအောင် ဆေးလိပ်သောက်ခဲ့သနည်း ဆိုသည့်အပေါ်တွင်မူတည်သည်။ ထို့ကြောင့် တစ်နေ့ စီးကရက်တစ်ဘူးကို နှစ်လေးဆယ်ကြာအောင် သောက်ခြင်းသည် တစ်နေ့ စီးကရက် နှစ်ဘူးကို နှစ် နှစ်ဆယ်ကြာအောင် သောက်ခြင်းထက် ပိုအန္တရာယ်များသည်။

လူတစ်ယောက်သည် ဆေးလိပ်ဖြတ်ပြီးသည်မှာ ဆယ့်ငါးနှစ်ကြာပါက ထိုသူ၏ အဆုတ်ကင်ဆာ ဖြစ်နိုင်ချေသည် ဆေးလိပ်မသောက်သူနှင့် အတူတူပင် ဖြစ်သည်။

အခြားအချက်များ

ဆေးလိပ်မသောက်သူသည် အဆုတ်ကင်ဆာ ဖြစ်နိုင်ချေ နည်းသည်။ သို့သော် ဆေးလိပ်ငွေ့ကို ပှံမှန် ရှုနေရသူများ (passive smokers) များအနေဖြင့် အဆုတ်ကင်ဆာ ဖြစ်နိုင်ချေ အနည်းငယ် မြင့်သည်။ အချို့သော အရာဝတ္တု ပစ္စည်းများနှင့် ထိတွေ့အလုပ်လုပ်နေသူများသည် အဆုတ်ကင်ဆာ ဖြစ်နိုင်ချေ များသည်။ အထူးသဖြင့် ထိုသူတို့ ဆေးလိပ်သောက်လျှင် ဖြစ်သည်။ ထိုအရာများတွင် ဓါတ်ရောင်ခြည် သတ္တုကြွ ပစ္စည်းများ၊ ကျောက်ဂွမ်းများ (asbestos)၊ နီကယ် (nickel) နှင့် ခရိုမီယမ် (chromium) တို့ ပါဝင်သည်။ ဓါတ်ရောင်ခြည်သတ္တိကြွမှု မြင့်မားသော ဒေသအနီးတွင် နေထိုင်သူများသည် ဖြစ်နိုင်ချေ အနည်းငယ် ရှိသည်။ လေထု ညစ်ညမ်းခြင်းသည်လည်း အန္တရာယ်အနည်းငယ်ရှိသော အချက်တစ်ချက် ဖြစ်သည်။

မိသားစု ဆွေမျိုးရင်းချာများတွင် အဆုတ်ကင်ဆာ ဖြစ်ပွားသော အခြေအနေရှိပါက အဆုတ်ကင်ဆာ ဖြစ်နိုင်ချေကို အနည်းငယ် မြင့်စေသည်။ သို့သော် မှတ်သားထားရန်မှာ အဆုတ်ကင်ဆာသည် မျိုးရိုးလိုက်လေ့မရှိပေ။

အဆုတ်ကင်ဆာ ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ?

အဆုတ်ကင်ဆာ၏ ရောဂါလက္ခဏာများသည် လူအမျိုးမျိုးကြားတွင် ကွဲပြားနိုင်သည်။ လူအများစုသည် အဆင့် စောစော အချိန်တွင် ရောဂါလက္ခဏာများ မရှိတတ်ဘဲ အခြားအကြောင်းတစ်ခုခုကြောင့် ဓါတ်မှန်ရိုက်ရာမှ အဆုတ်ကင်ဆာကို တွေ့ခြင်းဖြစ်သည်။ အဆုတ်ကင်ဆာ၏ အစပိုင်း ရောဂါလက္ခဏာတို့မှာ အောက်ပါတို့ ပါဝင်သည်။

  •           ကြာရှည် ချောင်းဆိုးခြင်း
  •           ချောင်းဆိုးသွေးပါခြင်း
  •           ရင်ဘတ်၊ ပခုံးများအောင့်ခြင်း
  •           ပင်ပန်းနွမ်းနယ်ခြင်း နှင့် အားအင်ကုန်ခမ်းခြင်း
  •           ကိုယ်အလေးချိန်ကျခြင်း
  •           အသက်ရှု ကြပ်ခြင်း - အထူးသဖြင့် ကင်ဆာအကျိတ်သည် လေပြွန်တွင် အနည်းငယ်ပိတ် နေလျှင် ဖြစ်တတ်သည်။
  •           အသံပြောင်းခြင်း
  •           လက်ချောင်ထိပ်များ တင်းပုတ် ပုံသဏ္ဍာန် ပြောင်းလာခြင်း

အဆုတ်ကင်ဆာသည် ပိုကြီးထွားလာပြီး ပိုဆိုးလာပါက အောက်ပါရောဂါလက္ခဏာများကိုလည်း ထပ်တွေ့ နိုင်သည်။

  •           အထက်ပါရောဂါလက္ခဏာများ ပိုဆိုးလာခြင်း
  •           အဆုတ်ပိုးဝင်၍ ရောင်ရမ်းခြင်း (pneumonia) - ကြီးထွားလာသော ကင်ဆာက အဆုတ်အပိုင်းတစ်ခုတွင် ပိတ်သွားသောအခါ ဖြစ်ပေါ်သည်။ ထိုပိုးဝင်ခြင်းသည် ပိုးသတ်ဆေးများဖြင့် မသက်သာနိုင်ချေ။
  •           အဆုတ်ရေဝိုင်းခြင်း (pleural effusion) ဖြစ်နိုင်ပြီး အသက်ရှုရ ပိုမို ခက်ခဲလာနိုင်သည်။
  •           အဆုတ်ထိပ်ပိုင်းတွင် ရှိသော ကင်ဆာသည် လက်ကို သွားသော အာရုံကြောများကို ဖိမိသောအခါ နာကျင်ခြင်း၊ လက် အား မသန်ခြင်း နှင့် အပ်နှင့် စူးသကဲ့သို့ ထုံကျင်ခြင်းများ လက် နှင့် ပခုံး တို့တွင် ဖြစ်တတ်သည်။
  •           ထို့ပြင် ကင်ဆာသည် မျက်နှာဘက်ပိုင်းမှ နှလုံးဆီသို့ ပြန်လာသော သွေးပြန်ကြောမကြီးကို ဖိထားပါက မျက်နှာ ဖောရောင်ခြင်းလည်း ဖြစ်နိုင်သည်။
  •           အချို့ ဆဲလ်ငယ် အဆုတ်ကင်ဆာများမှာ ဟော်မုန်းပမာဏများစွာ ထုတ်လုပ်သောကြောင့် ခန္ဓာကိုယ်ရှိ အခြားနေရာများတွင် ရောဂါလက္ခဏာများ ဖြစ်စေသည်။

အကယ်၍ ကင်ဆာ သည် အဆုတ်မှ အခြားခန္ဓာကိုယ်နေရာများသို့ ပျံ့နှံ့ရောက်ရှိသွားပါက အရိုးကိုက်ခြင်း၊ လည်ပင်းတွင် အလုံးပေါ်လာခြင်း စသော အမျိုးစုံသော ရောဂါလက္ခဏာများ ဖြစ်တတ်သည်။

အဆုတ္ကင္ဆာကို ဘယ္လုိ ေရာဂါ အမည္တတ္မလဲ?

ဆရာဝန်က လူနာတွင် အဆုတ်ကင်ဆာ ရှိသည်ဟု သံသယ ရှိပါက ဦးစွာပထမ ရင်ဘတ်ဓါတ်မှန် ရိုက်ပေလိမ့်မည်။ ဓါတ်မှန်သည် ရိုးရှင်း မြန်ဆန်သော စမ်းသပ်မှု တစ်ခုဖြစ်ပြီး ပုံမှန် မဟုတ်သော ပုံရိပ်ပြောင်းလဲမှုများကို ပြသနိုင်သည်။ သို့သော် ရင်ဘတ် ဓါတ်မှန်သည် အခြား အဂါင်္များမှ လာသော ပုံရိပ်များကိုလည်း ဖော်ပြပေးသောကြောင့် အဆုတ်ကင်ဆာကို သေချာ မပြောနိုင်ပေ။ ထို့ကြောင့် အခြားစစ်ဆေးစမ်းသပ်မှုများ လိုအပ်သည်။

ရောဂါသေချာစေရန် အဖြေရှာခြင်း

အဆုတ်ကင်ဆာ ရှိသည်ဟုယူဆသော အဆုတ်ကင်ဆာရှိသည်ကို သေချာ စေရန်အတွက် လူနာတစ်ယောက်ကို ကွန်ပျူတာ ဓါတ်မှန် (CT) နှင့် အခြား စစ်ဆေးမှုမျာ လုပ်ရန် အကြံပြုပေလိမ့်မည်။ ထို့ပြင် အဆုတ်ကင်ဆာ၏ အခြေအနေကို ပိုမိုသိရှိရန်နှင့် မည့်သည်နေရာသို့ ပျံ့နှံ့သွားသည်ကို ရှာဖွေရန် အခြားစစ်ဆေးမှုများလည်း လိုအပ်သည်။

အခြားစစ်ဆေးမှုများ

ကင်ဆာ၏ အခြေအနေပေါ်တွင် မူတည်၍ စစ်ဆေးမှု အမျိုးမျိုးရှိသည်။ ကွန်ပျူတာ ဓါတ်မှန် အဖြေအရ ကင်ဆာသည် အဆင်စောပြီး လူနာသည် ကုသမှုခံနိုင်ရန် ကျန်းမာသည် ဆိုပါက အခြားပုံရိပ်ဖော် ဓါတ်မှန် တစ်ခုဖြစ်သော ပက် စီတီ (PET – CT) ကို ရိုက်ခိုင်းလေ့ရှိသည်။  ထိုသို့ ရိုက်ခြင်းဖြင့် ကင်ဆာဖြစ်ပွားနေသောနေရာများနှင့် ရင်ဘတ်ထဲရှိ ကင်ဆာ ပျံ့နှံ့သွားသော သားငံရည်ကျိတ်များ မည်သည့်နေရာတွင် ရှိသည်ကို ပြသပေးနိုင်သည်။ ကင်ဆာသည် အဆိုပါ အကျိတ်များသို့ ပျံ့နှံ့သွားပါက အသားစနမူနာယူရန် အကြံပြုပေလိမ့်မည်။ ထို့နောက် အသားစ နမူနာ အနည်းငယ်ကို ထုတ်ယူ၍ အနုကြည့် မှန်ဘီလူးအောက်တွင် ပုံမမှန် ဆဲလ်များကို ရှာဖွေစစ်ဆေးပေလိမ့်မည်။ ဖြစ်သော ကင်ဆာ အမျိုးအစားကိုလည်း  ထိုအသားစ နမူနာမှပင် ဆုံးဖြတ်နိုင်သည်။  အသားစနမူနာ ရယူရန် အောက်ပါ နည်းလမ်းတစ်ခုခုကို အသုံးပြုလေ့ရှိသည်။

 လေပြွန်တွင်း မှန်ပြောင်းဖြင့် ကြည့်ခြင်း(bronchoscopy) သည် အသုံးများသော နည်းလမ်းဖြစ်ပြီး လေပြွန်ကြီးအတွင်းရှိ ကင်ဆာမှ အသားစ ယူခြင်း ဖြစ်သည်။ လေပြွန်တွင်းကြည့် မှန်ပြောင်းသည် ခဲတံအရွယ်ရှိကာ သေးငယ်ပြီး ကွေးနိုင်ဆန့်နိုင်သော မှန်ပြောင်းရှည် ဖြစ်သည်။ လေပြွန်တွင်းကြည့် မှန်ပြောင်းသည် နှာခေါင်းမှ တစ်ဆင့် ဖြတ်သွားပြီး လည်ချောင်းအတွင်း ဝင်သွားကာ လေပြွန်မှ တဆင့် လေပြွန်ငယ်များအတွင်းသို့ ဆင်းသွားသည်။ အလင်းချည်မျှင် လမ်းကြောင်းများမှ အလင်းရောင်သည် လေပြွန်တွင်းကြည့်မှန်ပြောင်းမှ တစ်ဆင့် လေပြွန်တွင်း သို့ ဝင်ရောက်ပြီး ဆရာဝန်ကို မြင်စေသည်။ ထို့ပြင်လေပြွန်တွင်းကြည့် မှန်ပြောင်းတွင် အသားစ ကိုက်ယူရန် ဘေးလမ်းကြောင်းငယ်တစ်ခု ပါဝင်သည်။ ထိုလမ်းကြောင်းမှ တဆင့် လေပြွန်နံရံရှိ တစ်သျှူးများမှ အသားစငယ်များကို ထုတ်ယူနိုင်သည်။


လေပြွန်လမ်းကြောင်း ဆေးကြောရည်များ - လေပြွန်တွင်းကြည့် မှန်ပြောင်းကို ထည့်ကြည့်သည်။ ထို့နောက် အသားစ ယူမည့်အစား အချို့ လူများတွင် ကင်ဆာ ရှိရာ နေရာကို ဆေးကြောကာ ထိုအရည်ကို စစ်ဆေးဓါတ်ခွဲရန်အတွက် ပို့လျှင် ကောင်းသည် ဟု ယူဆကြသည်။

အာထရာဆောင်း ဖြင့် စမ်းသပ်စစ်ဆေးခြင်း - ကွန်ပျူတာ ဓါတ်မှန် အဖြေအရ ကင်ဆာသည် လည်ပင်းရှိ သားငံရည်ကြိတ်များသို့ ပျံ့နှံ့သွားသည်ဟု ပြသလျှင် လေပြွန်လမ်းကြောင်းကို မှန်ပြောင်းဖြင့် ကြည့်မည့်အစား ထိုသားငံရည်ကြိတ်ကို အာထရာဆောင်းကို အသုံးပြု၍ အသားစယူနိုင်သည်။

အပ်ဖြင့် စုပ်၍ အသားစယူခြင်း (fine needle biopsy) - ဤနည်းလမ်းကို ကင်ဆာသည် အဆုတ်၏ အစွန်းဘက်တွင် ရှိနေသောအခါ အသုံးပြုသည်။ ဆရာဝန်သည် သေးငယ်သော အပ်ကို အသုံးပြုကာ ရင်ဘတ်နံရံကို ဖောက်၍ တစ်သျှူးနမူနာ အနည်းငယ်ကို ရယူသည်။  ကွန်ပျူတာ ဓါတ်မှန် (သို့) အာထရာဆောင်း ပုံရိပ်များသည် ဆရာဝန်ကို သံသယရှိရာ နေရာကို ရှာဖွေတွေ့ရှိရန် ကူညီပေးနိုင်သည်။ ဤနည်းလမ်းတွင် တတ်နိုင်သမျှ မနာကျင်စေရန် အရေပြားထုံဆေးဖြင့် ထုံအောင် ပြုလုပ်သည်။

အဆုတ်အမြှေးပါးကြား အရည်ကို ဖောက်ထုတ်ခြင်း (pleural tap) - ကင်ဆာ တစ်ခုခု ကြောင့် အဆုတ်ဘေးတွင် ရေဝိုင်းနေပါက အရည်အချို့ကို အပ်အသေးဖြင့် အပြင်သို့ ထုတ်ပစ်နိုင်သည်။ ထိုအရည်ကို ကင်ဆာဆဲလ် ရှိ၊ မရှိ စစ်ဆေးစမ်းသပ်သည်။

ခွဲစိတ်၍ အသားစယူခြင်း - အထက်တွင် ဖော်ပြထားသော နည်းလမ်းများမှ ကျေနပ်လောက်သော အသားစကို မရယူနိုင်လျှင် စစ်ဆေးရန်အတွက် အဆုတ်တစ်သျှူးကို ရရှိရန် ခွဲစိတ်မှု အငယ်စားပြုလုပ်ရန် လိုသည်။

လေပြွန်တွင်း အာထရာဆောင်းဖြင့် လေပြွန်ကို ဖြတ်ဖောက်ကာ အပ်ဖြင့် စုပ်ယူစစ်ဆေးခြင်း - ဤစစ်ဆေးမှုတွင် လေပြွန်တွင်းကြည့် မှန်ပြောင်းကို အဆုတ်အတွင်းသို့ ထည့်သည်။ ထို့နောက် မှန်ပြောင်းတွင် တွဲဆက်ထားသော အထူး အာထရာဆောင်း ငယ်ဖြင့် အဆုတ်နှစ်ခုကြားနေရာရှိ ပုံရိပ်ကို ရယူသည်။ တစ်ချိန်တည်းတွင် အသားစကိုလည်း ယူနိုင်သည်။

အဆုတ်ကင်ဆာရောဂါ၏ ပမာဏ နှင့် ပျံ့နှံ့မှုကို စစ်ဆေးခြင်း

ဤသို့ စစ်ဆေးခြင်းကို ကင်ဆာ အဆင့်သတ်မှတ်ခြင်း ဟု ခေါ်သည်။

ကင်ဆာအဆင့် သတ်မှတ်ခြင်း၏ ရည်ရွယ်ချက်မှာ -

- ကင်ဆာသည် အဆုတ်ထဲတွင် မည်မျှရှိသည်၊ ကင်ဆာသည် မည်မျှ ဖြတ်ကျော်ကြီးထွားနေသည်ကို ရှာဖွေရန်

- ကင်ဆာသည် ဝန်းကျင်ရှိ သားငံရည်ကျိတ်များသို့ ပျံ့နှံံံ့ခြင်း ရှိ၊ မရှိ သိရှိရန်။

- ကင်ဆာသည် ခန္ဓာကိုယ်ရှိ အခြားနေရာများသို့ ပျံ့နှံ့ခြင်း ရှိ၊ မရှိကို သိရှိရန် တို့ဖြစ်သည်။

ကင်ဆာအဆင့်ကို သတ်မှတ်ခြင်းဖြင့် မည်သည့်ကုသမှုသည် အကောင်းဆုံးဖြစ်မည်ကို ဆရာဝန်ကို အကြံဖြစ်စေသည်။ ထို့ပြင် ကင်ဆာရောဂါ၏ ဖြစ်နိုင်သော ရလဒ်ကိုလည်း သိနိုင်သည်။

အဆုတ်ကင်ဆာသည် ဦးနှောက်(သို့) အရိုးများသို့ ပျံ့နှံ့မှုရှိ ၊ မရှိကို သိရှိရန် သံလိုက်ဓါတ်မှန်ရိုက်ခြင်း (MRI – magnetic resonance scan) ကို တစ်ခါတစ်ရံ အသုံးပြုသည်။

အဆုတ်ကင်ဆာရဲ့ ကုသမှုနည်းလမ်းတွေက ဘာတွေလဲ?

စဉ်းစားနိုင်သော ကုသမှုနည်းလမ်းများတွင် ခွဲစိတ်ခြင်း၊ ကင်ဆာ ဆေးသွင်းကုသခြင်း၊ ဓါတ်ရောင်ခြည်ဖြင့် ကုသခြင်း တို့ ပါဝင်သည်။ အဆုတ်ကင်ဆာ ရောဂါတိုင်းအတွက် ကုသမှုနည်းလမ်းကို ရွေးချယ်ရာတွင် -

-အဆုတ္ထဲရွိ မူလကင္ဆာ၏ ေနရာ

-ကင်ဆာသည် မည်မျှ အရွယ်ကြီးသည်

-အဆင့် မည်မျှ ရှိသည်

-လူနာ၏ အထွေထွေ ကျန်းမာရေး အခြေအနေတို့ အပေါ်တွင် မူတည်သည်။

ကုသမှု နည်းလမ်းများတွင် အက်စီ အယ်လ်စီ ဆဲလ်ငယ် အဆုတ်ကင်ဆာ (SCLC –small cell lung cancer) နှင့် အင်အက်စီ အယ်လ်စီ ဆဲလ်ငယ်မဟုတ်သော အဆုတ်ကင်ဆာ (NSCLC – non small cell lung cancer) တို့အတွက် မတူညီပေ။

သင့်ရောဂါ အခြေအနေကို သိသော အထူးကု ဆရာဝန်နှင့် သင့်ရောဂါ အခြေအနေကို သေချာဆွေးနွေးသင့်သည်။ သူတို့သည် သင့်ကို ကောင်းကျိုး၊ ဆိုးကျိုးများကို ရှင်းပြပေးနိုင်သည်။ ဥပမာ - ကုသမှု အောင်မြင်နိုင်မှု ၊ ဖြစ်နိုင်သော ဆိုးကျိုး၊ သင့်ကင်ဆာရောဂါ အမျိုးအစားနှင့် ပတ်သက်၍ ဖြစ်နိုင်သော ကုသမှု ရွေးချယ်ပိုင်ခွင့် အမျိုးမျိုးတို့အကြောင့် အသေးစိတ် ရှင်းပြပေးနိုင်သည်။

သင်သည် သင်၏ အထူးကုနှင့် ကုသမှု၏ ရည်မှန်းချက်ကိုလည်း ဆွေးနွေးသင့်သည်။ ဥပမာ-

-ကုသမှု ရည်ရွယ်ချက်မှာ အများစုတွင် ကင်ဆာရောဂါ ပျောက်ကင်းရန် ဖြစ်သည်။ တိတိကျကျပြောရလျှင် ကင်ဆာ ရောဂါ အဆင့်စောလေလေ၊ ကုသရန် ပျောက်ကင်းနိုင်မှု များလေလေ ဖြစ်သည်။ (ဆရာဝန် များသည် ပျောက်ကင်းခြင်း အစား ရောဂါ ငုတ်သွားခြင်း ဟု သာ သုံးလိုကြသည်။ ရောဂါ ငုတ်သွားခြင်းမှာ ကုသပြီးနောက် ကင်ဆာရောဂါနှင့် ပတ်သက်သောအထောက်အထား မရှိခြင်း ဖြစ်သည်။ သင်သည် ရောဂါ ငုတ်သွားလျှင် ပျောက်ကင်းနိုင်ပေသည်။ သို့သော် အချို့လူများတွင် ကင်ဆာသည် လပေါင်းနှစ်ပေါင်းများစွာ ကြာမှ ပြန်ဖြစ်လာသည်။ ထို့ကြောင့် ဆရာဝန်များသည် ကုသပျောက်ကင်းသည် ဟူသော စကားကို သုံးရန် တွန့်ရွံ့ကြသည်။)

- ကုသမှုသည် ကင်ဆာကို ထိန်းချုပ်ရန် ရည်ရွယ်နိုင်သည်။ ကုသပျောက်ကင်းရန် လက်တွေ့မဖြစ်နိုင်လျှင် ကုသမှုဖြင့် ကင်ဆာ၏ ကြီးထွားမှုနှင့် ပျံ့နှံ့မှုတို့ကို တားနိုင်သောကြောင့် ကင်ဆာသည် ပို၍ ဖြည်းစွာသာ ရှေ့တိုးနိုင်သည်။ ဤသို့ပြုခြင်းဖြင့် သင့်ကို ကင်ဆာရောဂါ လက္ခဏာများ ကင်းစေရန် အချိန်အတန်ကြာ ထိန်းထားနိုင်ပေသည်။

-ကုသမှုသည် အချို့လူများတွင် ရောဂါလက္ခဏာများ သက်သာစေရန် ရည်ရွယ်သည်။ ပျောက်ကင်းအောင် မကုသနိုင်လျှင်တောင်  ကုသမှုသည် ကင်ဆာ၏ အရွယ်ကို သေးငယ်စေနိုင်ပြီး နာကျင်မှု လက္ခဏာများကို သက်သာစေနိုင်သည်။ အကယ်၍ ကင်ဆာသည် အဆင့်လွန်နေလျှင် သင်ခံစားနေရသော ရောဂါ လက္ခဏာ များ သက်သာအောင် ကူညီရန် သင်သည် အာဟာရ ဖြည်စွက်ခြင်းများ၊ အနာသက်သာ ဆေးများ၊ သို့ အခြားနည်းလမ်းများ စသော ကုသမှုများ လိုအပ်သည်။

ခွဲစိတ်ကုသခြင်း

ကင်ဆာသည် အဆင့်ငယ်သေးလျှင် ကင်ဆာကို ထုတ်ပစ်ခြင်းဖြင့် ကုသပျောက်ကင်းနိုင်ပေသည်။ ခွဲစိတ်ခြင်းတွင် အများအားဖြင့် ရောဂါဖြစ်နေသော အဆုတ်၏ တစိတ်တပိုင်း (သို့) တစ်ခုလုံးကို ထုတ်ပစ်ခြင်းတို့ ပါဝင်သည်။ သို့သော် အဆုတ်ကင်ဆာ အများစုတွင် စတင်သိရှိချိန်၌ အခြားနေရာများသို့ ပျံ့နှံ့ပြီးဖြစ်ကာ ခွဲစိတ်ခြင်းသည် အများအားဖြင့် နည်းလမ်းတစ်ခု မဟုတ်ပေ။

ထို့ပြင် ဆဲလ်ငယ်အဆုတ်ကင်ဆာများတွင် ခွဲစိတ်ကုသခြင်းကို အများအားဖြင့် လုပ်လေ့မရှိပေ။ ထို့ပြင် လူနာ၏ အထွေထွေ ကျန်းမာရေးအခြေအနေ ဆိုးရွားပါက ခွဲစိတ်ခြင်းသည် ရွေးချယ်စရာ နည်းလမ်းတစ်ခု မဟုတ်ပေ။ ဥပမာ - လူနာသည် ဆေးလိပ်သောက်သူများ ဖြစ်လေ့ရှိသော ကြာရှည်အဆုတ်လမ်းကြောင်းပိတ်ရောဂါ (COPD) ရှိလျှင်

ဓါတ်ရောင်ခြည်ဖြင့် ကုသခြင်း

ဓါတ်ရောင်ခြည်ဖြင့် ကုသခြင်းဆိုသည်မှာ စွမ်းအင်ပမာဏ မြင့်မားသော ဓါတ်ရောင်ခြည်တန်းများကို ကင်ဆာ တစ်သျှူးများအပေါ်သို့ စူးစိုက်ပစ်လွှတ်သော ကုသမှုတစ်မျိုးဖြစ်သည်။ ထိုသို့လုပ်ခြင်းဖြင့် ကင်ဆာ ဆဲလ်များကို သေစေသည် (သို့) ပွားများခြင်းကို တန့်စေသည်။

ဓါတ်ရောင်ခြည်ဖြင့်ကုသခြင်းကို  ဆဲလ်ငယ် အဆုတ်ကင်ဆာ နှင့် ဆဲလ်ငယ် မဟုတ်သော အဆုတ်ကင်ဆာ နှစ်မျိုး စလုံးတွင် အသုံးပြုသည်။ ဤနည်းလမ်းကို အများအားဖြင့် ကင်ဆာသည် အဆုတ်တွင်သာ ရှိနေလျှင် သော်လည်းကောင်း ၊ ကင်ဆာသည် အနီးနားရှိ သားငံရည် ကျိတ်များဆီသို့သာ ပျံ့နှံ့သော အခါတွင် သော်လည်းကောင်း အသုံးပြုသည်။ တစ်ခါတစ်ရံ ခွဲစိတ်ကုသရန် ခက်ခဲသော အခြေအနေ များတွင ဤနည်းဖြင့် ကုသပါက အဆုတ်ကင်ဆာသည် ငုပ်သွားနိုင်ပေသည်။ ထို့ပြင် ဤဓါတ်ရောင်ခြည် ကုသနည်းကို ခွဲစိတ်ခြင်း ၊ ကင်ဆာဆေးသွင်းကုသခြင်းတို့နှင့် တွဲ၍ အသုံးပြုနိုင်သည်။

ကင်ဆာဆေးသွင်းကုသခြင်း

ကင်ဆာဆေးသွင်းကုသခြင်းဆိုသည်မှာ ကင်ဆာဆဲလ်များကို သတ်သော (သို့) ကင်ဆာဆဲလ်များ ပွားများခြင်းကို တားဆီးသော ကင်ဆာ ဆန့်ကျင်ဆေးများဖြင့် ကုသခြင်းဖြစ်သည်။ အများအားဖြင့် အဆုတ်ကင်ဆာကို ခွဲစိတ်ကုသပြီးနောက် ကင်ဆာဆေးသွင်းကုသရန် အကြံပြုလိမ့်မည်။

ကင်ဆာဆေးသွင်းကုသခြင်းကို အများအားဖြင့် ဆဲလ်ငယ် အဆုတ်ကင်ဆာ လူနာများကိုသာ ပေးလေ့ရှိသည်။

ကင်ဆာဆေးသွင်းကုသခြင်းကို တစ်ခါတစ်ရံ ဆဲလ်ငယ်မဟုတ်သော အဆုတ်ကင်ဆာများတွင် ခွဲစိတ် ပြီးနောက် လုပ်လေ့ရှိသည်။ ဤသည်ကို တွဲစပ် ဆေးသွင်းကုသခြင်း(adjuvant chemotherapy) ဟု ခေါ်သည်။ အသုံးပြုသော ကင်ဆာဆေးအမျိုးအစားသည် ကင်ဆာ အမျိုးအစားပေါ်တွင် မူတည်သည်။ ဤနည်းလမ်းကို အဆုတ်ကင်ဆာ အခြားခန္ဓာကိုယ်နေရာများသို့ ပျံ့နှံ့သွားသောအခြေအနေတွင် အချို့လူများ ၌သုံးလေ့ရှိသည်။

အခြားကုသမှုနည်းလမ်းများ

ရေဒီယို ဖရီကွမ်ဆီ ဖြင့် ဖျက်ဆီးခြင်း ( radiofrequency ablation) သည် ကင်ဆာအတွင်းသို့ အချောင်းငယ်တစ်ခုထည့်ကာ ကုသသော ကုသနည်းသစ်တစ်မျိုးဖြစ်သည်။ ထို့နောက် ထိုအချောင်းငယ်မှတဆင့် ရေဒီယို ဖရီကွမ်ဆီ စွမ်းအင်ကို ထုတ်လွွှင့်ခြင်းအားဖြင့် ပတ်ဝန်းကျင်ရှိ ကင်ဆာဆဲလ်များကို သေစေခြင်း ဖြစ်သည်။ အချောင်းငယ်ကို နေရာချရန် ကွန်ပျူတာ ဓါတ်မှန် ရိုက်နေစဉ်အတွင်း တွင် ပြုလုပ်လေ့ရှိသည်။ ဤနည်းကို ခွဲရန်မသင့်သောလူနာများတွင် သေးငယ်၍ အဆင့်စောသော အဆုတ်ကင်ဆာ ရှိပါက အသုံးပြုသည်။

ဖိုတိုဒိုင်းနမစ် ကုသမှု (photodynamic therapy –PDT) တွင် ကင်ဆာဆဲလ်များကို ဖျက်ဆီးရန်အတွက် အလင်းကို သိရှိခံစားလွယ်သော ဆေးဝါးကို စွမ်းအားနိမ့် လေဆာရောင်ခြည်များဖြင့် ပေါင်းစပ် အသုံးပြုသည်။

ဤနည်းလမ်းသည် ကမ္ဘာပေါ်တွင် အထူးကုစင်တာ အနည်းငယ်တွင်သာ ရနိုင်သေးသည်။ စမ်းသပ်ဆဲအဆင့်သာ ရှိသေးပြီး အဆုတ်ကင်ဆာအတွက် စံကုသမှုတော့ မဟုတ်သေးချေ။

အဆုတ္ကင္ဆာ၏ ရလဒ္က ဘယ္လိုရွိသလဲ?

အဆုတ်ကင်ဆာသည် သေးငယ်ပြီးအခြားနေရာများသို့ မပြန့်သောအခြေအနေတွင် သိရှိ ကုသပါက ရလဒ်သည် အကောင်းဆုံးဖြစ်သည်။ ကင်ဆာကို အဆင့်စောစောအချိန်တွင် ခွဲစိတ်ကုသ၍ ထုတ်ပစ်နိုင်လျှင် ပျောက်ရန် အခွင့်အလမ်းများသည်။ သို့သော် လူအများစုတွင် အဆုတ်ကင်ဆာသည် ပျံ့နှံ့ပြီးချိန်ရောက်မှသာ သိရှိသည်က များသည်။ ထိုအချိန်တွင် ပျောက်ကင်းအောင် ကုသနိုင်ရန်မှာ နည်းပါးသည်။ သို့သော် ကုသခြင်းဖြင့် ကင်ဆာရောဂါ၏ ပိုမိုဆိုးရွား လာနိုင်မှုကို နှေးကွေးစေသည်။

ကင်ဆာရောဂါကုသမှုသည် ဆေးပညာနယ်ပယ်၏ တိုးတက်နေသောနေရာဖြစ်သည်။ ကုသမှု အသစ်များသည် ဆက်လက်ထွက်ပေါ်နေပြီး အထက်တွင် ဖော်ပြထားမှုများသည် အလွန်ယေဘုယျ ဆန်သည်။ ရောဂါအကြောင်းကို သေချာသိသော အထူးကုဆရာဝန်က ကင်ဆာရောဂါ၏ ရလဒ်၊ ကင်ဆာရောဂါ၏ အမျိုးအစား နှင့် အဆင့်အရ ကုသမှုကို မည်သို့တုန့်ပြန်မည် စသည့် အတိအကျ အချက်အလက်များကို ရှင်းပြပေးနိုင်ပေလိမ့်မည်။

No comments:

Powered by Blogger.