ရင်သားကင်ဆာ?

Breast cancer - Symptoms and causes - Mayo Clinic
 
ရင်သားကင်ဆာကို အကြမ်းမျဉ်း ဘယ်လို ခွဲခြားနိုင်သလဲ?
 
ပြန့်ပွားနေသော အဆင့် (Invasive) နှင့် မပြန့်ပွားသေးသော အဆင့် (Insitu) ဟူ၍ အကြမ်းမျဉ်း ခွဲခြားနိုင်သည်။
 
ပြန့်ပွားနေသော အဆင့် (Invasive) ရင်သား ကင်ဆာဆိုတာ ဘာလဲ?
ရင်သားကင်ဆာ အများစုသည် ကင်ဆာဆဲလ်များ ပတ်ဝန်းကျင်ရှိ ရင်သား တစ်သျှူးများထဲ ကျူးကျော်မှသာ ရောဂါရှိကြောင်း စတင် သိရှိသည်။ ထိုကင်ဆာများကို ပြန့်ပွားနေသော အဆင့် ရင်သားကင်ဆာများဟု ခေါ်သည်။ ပြန့်ပွားနေသောအဆင့် ရင်သား ကင်ဆာများတွင်လည်း တဖန် ဝန်းကျင်သွေးကြော (Blood Vessels) နှင့် ပြန်ရည်ကြော (Lymphatic vessels) များအတွင်း ပြန့်ပွားသော ကင်ဆာနှင့် မပြန့်ပွားသေးသော ကင်ဆာ ဟူ၍လည်း ခွဲနိုင်ပေသည်။
 
မပြန့်ပွားသေးသော အဆင့် (Insitu) ရင်သား ကင်ဆာဆိုတာ ဘာလဲ?
 
                       
တစ်ချို့ လူများတွင် ကင်ဆာဆဲများသည် ပြွန် (Duct) (သို့) အဖုလုံးလေးများ (Lobules) ထဲ ရှိစဉ်တွင်ပင် သိရသည်။ ထိုကင်ဆာများကို မပြန့်ပွားသေးသော အဆင့် (Insitu) ရင်သား ကင်ဆာများဟု ခေါ်သည်။ အကြောင်းမှာ မည်သည့် ကင်ဆာဆဲလ်မျှ သူတို့ မူလနေရာမှ အခြားသို့ ထိုးဖောက် ဝင်ရောက် မကြီးထွားသောကြောင့် ဖြစ်သည်။ ပြွန်နေရာတည် ရင်သားကင်ဆာ (Ductus Carcinoma Insitu) များသည် မပြန့်ပွားသေးသော အဆင့် (Insitu) ရင်သားကင်ဆာများတွင် အဖြစ်အများဆုံး ဖြစ်ပြီး ရင်သားကင်ဆာသည် ၅ ယောက်တွင် ၁ ယောက်သည် ဤကဲသို့ ကင်ဆာဖြစ်သည်။ မပြန့်ပွားသေးသော အဆင့် (Insitu) ရင်သား ကင်ဆာများသည် ကုသရ ပိုလွယ်ပြီး ပြန့်ပွားနေသော အဆင့် ရင်သား ကင်ဆာများထက် ရလဒ် ပိုကောင်းပေသည်။
 
ရင်သားကင်ဆာ ဆဲလ်များကို ပြင်းထန်မှုအဆင့် ဘယ်လို သတ်မှတ်သလဲ?
 ရင်သားကင်ဆာ တစ်သျှူး နမူနာ အနည်းငယ်ကို အနုကြည့် မှန်ဘီလူး (Microscope) အောက်တွင် ကြည့်ခြင်းအားဖြင့် ပြင်းထန်မှု အဆင့်များကို သတ်မှတ်နိုင်သည် ။
 
အဆင့် (၁) - ကင်ဆာဆဲလ်များသည် တဖြည်းဖြည်း ကြီးထွားပြီး ပြန့်ပွားမှု နည်းသည်။
အဆင့် (၂) - အလယ်အလတ် အဆင့်ဖြစ်သည်။
အဆင့် (၃) - ကင်ဆာဆဲလ်များသည် လျင်မြန်စွာ ကြီးထွားပြီး ပြန့်ပွားမှု များသည်။
 
ကင်ဆာဆဲလ်ပေါ်တွင် ပေါင်းစည်းနိုင်သော နေရာများ (Receptors) ဆိုတာဘာလဲ?
 
               
 
အချို့ ရင်သားကင်ဆာ ဆဲလ်များသည် ပေါင်းစည်းနိုင်သော နေရာများ (Receptors) ရှိပြီး အချို့ ဟော်မုန်းနှင့် ပရိုတင်းများကို ကင်ဆာဆဲလ်များနှင့် လာ၍ တွဲဆက်ခွင့် ပေးသည်။ စမ်းသပ်၍ရသော ပေါင်းစည်းနိုင်သော နေရာများမှာ
 
(၁) ဟော်မုန်း ပေါင်းစည်းနိုင်သော နေရာများ ( Hormone Receptors)  - ရင်သားကင်ဆာဆဲလ် နမူနာများတွင် စမ်းသပ်ပါက ကင်ဆာဆဲလ်များတွင် အီစထရိုဂျင် (Oestrogen) ပေါင်းစည်းနိုင်သော နေရာများ ပါ ၊ မပါ ပြပေးနိုင်သည်။ အီစထရိုဂျင်သည် အမျိုးသမီး ဟော်မုန်းဖြစ်ပြီး ကင်ဆာဆဲလ်များ ပြန့် ပွားခြင်းကို အားပေးသည်။ ခြုံငုံပြောရလျှင် ရင်သားကင်ဆာ  ၁၀ ခုတွင်  ၇ ခုသည် အီစထိုဂျင် ပေါင်းစည်း နိုင်သော နေရာများ ပါရှိသည်။ ကုသမှုများဖြင့် ဤရင်သား ကင်ဆာများရှိ အီစထိုဂျင်ကို ပိတ်နိုင်သည်။
(၂) ဟာတူး (HER 2) ပေါင်းစည်းနိုင်သော နေရာများ ( HER 2 Receptors) - အချို့ ရင်သားကင်ဆာ ဆဲလ်များတွင် ဟာတူးဟု ခေါ်သော ပရိုတင်းအတွက် ပေါင်းစည်းနိုင်သော နေရာများ ရှိသည်။ ယင်း ဟာတူး ပရိုတင်းသည် ကင်ဆာဆဲလ်များ ပြန့်ပွားခြင်းကို ဖြစ်ပေါ်စေသည်။  ခြုံငုံပြောရလျှင် ရင်သားကင်ဆာ ၁၀ ယောက်တွင် ၂ ယောက်သည် ဟာတူး ပေါင်းစည်းနိုင်သော နေရာများ ရှိသည်။ ဤပေါင်းစည်းနိုင်သော နေရာများ မြင့်မားစွာရှိသော ကင်ဆာများကို ဟာတူးရှိသော ကင်ဆာများဟု ခေါ်သည်။
 
ကင်ဆာ၏ အဆင့် (Stage) ကို ဘယ်လို သတ်မှတ်သလဲ?

 
ကင်ဆာအဆင့်သည် ကင်ဆာ အမျိုးအစားကို မဖော်ပြပေ။ သို့သော် ကင်ဆာ မည်မျှ ကြီးထွားသည်၊ မည်မျှ ပျံ့နှံ့နေသည်ကို ဖော်ပြနိုင်သည်။ ယေဘုယျအားဖြင့် ကင်ဆာအဆင့် စောလျှင် ကုသ ပျောက်ကင်းရန် အခွင့်အလမ်း များသည်။
 
ရင်သားကင်ဆာကို ဘာတွေက ဖြစ်စေသလဲ?
 
ကင်ဆာအလုံးသည် ပုံမှန်မဟုတ်သော ဆဲလ်တစ်ခုမှ စတင်သည်။ ဆဲလ်တစ်ခုသည် ဘာကြောင့် ကင်ဆာ ဖြစ်လာရသနည်း ဆိုသည့် တိကျသော အကြောင်းရင်းသည် မရှင်းလင်းပေ။ ဆဲလ်အတွင်းရှိ မျိုးရိုးဗီဇ (Genes) များကို တစ်စုံတစ်ခုက ပျက်စီးစေခြင်း၊ ပြောင်းလဲစေခြင်း ဖြစ်မည်ဟု ယူဆကြသည်။ ဤသည်က ဆဲလ်ကို ပုံမမှန် ဖြစ်စေပြီး အထိန်းအချုပ်မရှိ ပွားများစေသည်။
 
အန္တရာယ် သင့်စေသော အချက်များ (risk factors) ဆိုတာ ဘာတွေလဲ?
 
 
ရင်သားကင်ဆာသည် တိကျသေချာသော အကြောင်းရင်းမရှိဘဲ ဖြစ်ပွားသော်လည်း ရင်သားကင်ဆာ ဖြစ်ပွားမှုကို မြင့်မားစေနိုင်သော အချို့ အန္တရာယ်သင့်စေသော အချက်များ ရှိသည်။ ထိုအရာတို့တွင်
 
၁) အသက်အရွယ် - အကြမ်းအားဖြင့် အသက် ဆယ်နှစ် ကြီးလာတိုင်း အန္တရာယ် နှစ်ဆ တိုးလာပေသည်။ အများစုသည် အသက်ငါးဆယ် အထက် အမျိုးသမီးများတွင် အဖြစ်များသည်။
၂) သင်နေထိုင်ရာအရပ်-  ရင်သားကင်ဆာ ဖြစ်ပွားမှု နှုန်းသည် နိုင်ငံများ အကြား ကွာခြားပေသည်။ ဤသည်မှာ မျိုးရိုးဗီဇနှင့် ပတ်ဝန်းကျင် ဆိုင်ရာ အချက်များကြောင့် ဖြစ်နိုင်သည်။
၃) မိသားစု ရာဇဝင် သမိုင်းကြောင်း  - ဤသည်မှာ သင်၌ ရင်သားကင်ဆာ ဖြစ်ပွားသော ဆွေမျိုးအရင်း ရှိခြင်းပင် ဖြစ်သည်။ ပိုတိတိကျကျ ပြောရလျှင် အသက် ငါးဆယ် မတိုင်ခင် ဖြစ်ပွားသော သူများကို ဆိုလိုသည်။
၄) သင်ထံတွင် ရင်သားကင်ဆာ ဖြစ်ပွားခဲ့ဘူးလျှင်
၅) သင်ထံတွင် ကလေးမရှိလျှင် (သို့) သင်သည် အသက် သုံးဆယ်ကျော်မှ ပထမ ကလေးကို ရခဲ့လျှင်။
၆) သင်သည် ကလေးကို အမေနို့ ကိုယ်တိုင် မတိုက်ခြင်း။
၇) သင် ဓမ္မတာပေါ်သော အသက်အရွယ် စောခြင်း။
၈) သင့်ရင်ဘတ်သို့ ဓါတ်ရောင်ခြည် ထိခိုက်မှု ရှိခြင်း။
၉) အသက် ၅၅ နှစ် ကျော်လျှင် သွေးဆုံးခြင်း။
၁၀) သွေးဆုံးပြီး ပေါင်းစပ်ဟော်မုန်း ဖြည့်စွက်ဆေးများ နှစ်ပေါင်းများစွာ ကြာအောင် သောက်သုံးခြင်းသည် ဖြစ်ပွားနိုင်မှု အန္တရာယ် အနည်းငယ် မြင့်စေသည်။ အရက် အလွန်အကျွံ သောက်သုံးခြင်း
 
မိသားစု ရာဇဝင်နှင့် မျိုးရိုးဗီဇ စစ်ဆေးခြင်းဆိုတာ ဘာလဲ?
 
ရင်သားကင်ဆာ နှစ်ဆယ်တွင် တစ်ယောက်မှာ မျိုးရိုးဗီဇ အမှားကို ဆက်ခံရခြင်းကြောင့် ဖြစ်သည်။ ဘရာကာ ဝမ်း (BRCA 1) နှင့် ဘရာကာ တူး (BRCA 2) မှာ အတွေ့ရများသော မျိုးရိုး ဗီဇ မှားများ ဖြစ်သည်။
 
ရင်သားကင်ဆာ၏ လက္ခဏာတွေကဘာတွေလဲ?
 
ရင်သားကင်ဆာ ၏ အဖြစ်များသော ရောဂါလက္ခဏာမှာ ရင်သားတွင် မနာသော အလုံးပေါ်ခြင်း ဖြစ်သည်။ သင်မှတ်ထားရမည်မှာ ရင်သားအလုံးတော်တော်များများသည် ကင်ဆာမဟုတ်ပေ။ ရင်သားအလုံး အတော်များများသည် အရည်အိတ် (သို့) ရိုးရိုး ရင်သာအလုံးများဖြစ်သည်။ သို့သော် ရင်သားတွင် အလုံးပေါ်လျှင် သင့်ဆရာဝန်နှင့်ပြသသင့်သည်။ အကြောင်းမှာ ထိုအလုံးသည် ကင်ဆာလည်း ဖြစ်နိုင်သည်။
 
ရင်သားကင်ဆာ၏ အခြားရောဂါ လက္ခဏာများ
ရောဂါ ဖြစ်ပွားသော ရင်သားတွင် သတိပြုမိနိုင်သော အခြားရောဂါ လက္ခဏာများမှာ -
- ရင်သား၏ အရွယ် (သို့) ပုံစံပြောင်းလာခြင်း
- ရင်သားအပိုင်းတစ်ခုပေါ်ရှိ အရေပြားအချို့နေရာများတွင် ချိုင့်လာခြင်း (သို့) ထူလာခြင်း
- နို့သီးခေါင်း အထဲသို့ ပြောင်းပြန် လှန်ဝင်ခြင်း
- ရှားရှားပါးပါး နို့သီးခေါင်းထဲမှ အရည်ထွက်ခြင်း (သွေး လည်း ပါနိုင်သည်)
- ရှားပါးရင်သားကင်ဆာတစ်မျိုးမှာ နို့သီးခေါင်း ပတ်လည်တွင် ယားနာပုံစံတစ်မျိုးနှင့် ဆင်တူသော နီ လာခြင်း။
- ရင်သားတွင် ရှားရှားပါးပါး နာကျင်ခြင်း။ (မှတ်ချက် - နာကျင်ခြင်းသည် အစောပိုင်း ရောဂါ လက္ခဏာ တစ်ခု မဟုတ်ပေ။ အမျိုးသမီး အများစုသည် ရင်သားနာကျင်ခြင်း ဖြစ်ပွားပြီး အများစုသည် ကင်ဆာကြောင့် ဖြစ်ပွားခြင်း မဟုတ်ပေ။)
 
ရင်သားကင်ဆာသည် ချိုင်းကြားရှိ ပြန်ရည် ကြိတ်များ ( Lymph Nodes) ထဲသို့ ပထမဆုံး ပျံ့လေ့ရှိသည်။ ဤသို့ဖြစ်လျှင် သင်၏ ချိုင်းကြားထဲတွင် အလုံးပေါ်လာနိုင်ပေသည်။ အကယ်၍ ကင်ဆာသည် ခန္ဓာကိုယ်ရှိ  အခြားနေရာများသို့ ပျံ့နှံလျှင် အခြား ရောဂါ လက္ခဏာများလည်း ဖြစ်ပေါ်နိုင်သည်။
 
ရင်သား ကင်ဆာကို ဘယ်လို ရောဂါ ရှာဖွေနိုင်မလဲ?
 
 သင်၏ ရင်သားတွင် အလုံး (သို့) ကင်ဆာဖြစ်နိုင်သော ရောဂါလက္ခဏာများရှိလျှင် ဆရာဝန်သည် သင့်ရင်သားနှင့် ချိုင်းကြားကို အလုံး (သို့) အခြားပြောင်းလဲမှုများ ရှိမရှိ စမ်းသပ်ပေလိမ့်မည်။ သင့်ကို ပုံမှန် ဆိုလျှင် အထူးကု တစ်ယောက်ဆီသို့ လမ်းညွှန်ပေးလိမ့်မည်။ တစ်ခါတစ်ရံ ထင်ထင်ရှားရှား အလုံးတစ်ခုကို အသားစ ယူရန် စီစဉ်ပေလိမ့်မည်။ သို့သော် အခြား စစ်ဆေးမှုများကိုလည်း အရင်ဆုံး လုပ်နိုင်ပေမည်။
 -ရင်သား ဓါတ်မှန် ရိုက်ခြင်း ( Mammogram) (ရင်သားတစ်သျှူးများကို ရိုက်သော အထူးဓါတ်မှန် တစ်ခုဖြစ်သည်)
- ရင်သားကိုအာထရာဆောင်း(Ultrasound) ဖြင့် စစ်ဆေးမှု ပြုခြင်း။
- ရင်သား သံလိုက်ဓါတ်မှန် ရိုက်ခြင်း ( MRI) ဤအရာကို ရင်သားတစ်သျှူးများ ပိုကျစ်သော အသက်ငယ်သော အမျိုးသမီးများတွင် အများဆုံး လုပ်လေ့ရှိသည်။
 
ရောဂါကို အတည်ပြုရန်အတွက် အသားစ ယူခြင်း (Biopsy) ဆိုတာဘာလဲ?
အသားစယူခြင်းသည် ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုရှိ တစ်သျှူးနမူနာ ပုံစံ ( Tissue Sample) အနည်းငယ်ကို ထုတ်ယူခြင်းပင် ဖြစ်သည်။ ဤအသားစ နမူနာကို ပုံမမှန် ဆဲလ်များကို ရှာဖွေရန် အနုကြည့် မှန်ဘီလူး ( Microscope) အောက်တွင် စမ်းသပ်ကြည့်ရှုသည်။ အထူးကုဆရာဝန်တစ်ယောက်သည် ဆဲလ်အနည်းငယ်ကို ဆွဲထုတ်ရန် အပ် တစ်ချောင်းကို အလုံးတွင်းသို့ ထိုးထည့်ခြင်းအားဖြင့် အသားစ ယူနိုင်သည်။ တစ်ခါတစ်ရံ ဆရာဝန်သည် ရင်သားဓါတ်မှန် (သို့) အာထရာဆောင်း အကူအညီဖြင့် အပ်ကို မည်သည့်နေရာသို့ ထိုးရမည်ကို လမ်းရှာနိုင်ပေသည်။ တစ်ခါတစ်ရံ အသားစထုတ်ယူရန် ခွဲစိတ်မှု အသေးစား လိုအပ်သည်။ အသားစနမူနာ ပုံစံသည် ရင်သားကင်ဆာကို အတည်ပြုနိုင်သလို ကင်ဆာမရှိမှန်းလည်း သိနိုင်သည်။ အလုံးမှ ဆဲလ်များကို ၎င်းတို့၏ အဆင့်အတန်းနှင့် လက်ခံကိရိယာ အခြေအနေတို့ကိုလည်း စမ်းသပ်စစ်ဆေးနိုင်သည်။
 
ပျံ့နှံခြင်း (Spread) နှင့် ထိုးဖောက်ပမာဏ (Extent) ကို စစ်ဆေးခြင်း ဆိုတာဘာလဲ?
သင့်တွင် ရင်သားကင်ဆာ ဖြစ်နေခြင်းကို အတည်ပြုပြီးလျှင် မည်မျှ ပျံ့နှံ့ပြီးသည်ကို စစ်ဆေးရန် အခြားစမ်းသပ်မှုများလိုအပ်သည်။ ဥပမာ - သွေးဖောက်စစ်ဆေးခြင်း၊ အသည်းကို အာထရာဆောင်း ( Ultrasound scan) ရိုက်ခြင်း ၊ ရင်ဘတ် ဓါတ်မှန် ရိုက်ခြင်း ( Chest X Ray)၊ အရိုးစစ်ဆေးခြင်း ( Bone Scan) နှင့်  အခြားစစ်ဆေးခြင်း များ။ ဤသို့ စစ်ဆေးခြင်းကို ကင်ဆာအဆင့်သတ်မှတ်ခြင်း ဟု ခေါ်သည်။ 
 
ကင်ဆာအဆင့်သတ်မှတ်ခြင်း၏ ရည်ရွယ်ချက်ကဘာလဲ?
ကင်ဆာအဆင့်သတ်မှတ်ခြင်း၏ ရည်ရွယ်ချက်မှာ
-ကင်ဆာသည် မည်မျှ ကြီးထွားသည်ကို ရှာဖွေရန်။
-ချိုင်းကြားအတွင်းရှိ ပြန်ရည်ကျိတ်များသို့ ကင်ဆာ ပျံ့နှံ့သွားသည်ကို ရှာဖွေရန်။
-ခန္ဓာကိုယ်ရှိ အခြားနေရာများသို့ ကင်ဆာတဆင့် ပျံ့နှံ့သွားသည်ကို ရှာဖွေရန် တို့ ဖြစ်သည်။
 
ကင်ဆာအဆင့်၊ ဆဲလ်များ၏ ပြင်းထန်မှုအဆင့်၊ ကင်ဆာဆဲလ်များ၏ ပေါင်းစည်းနိုင် သောနေရာများ ပါဝင်နိုင်မှု အခြေအနေတို့ကို ရှာဖွေခြင်းအားဖြင့် ဆရာဝန်သည် အကောင်းဆုံးကုသမှုကို ရွေးချယ်အကြံ ပေးနိုင်ရန် ကူညီပေးသည်။ ထို့ပြင် ကုသမှုရလဒ် အခြေအနေကိုလည်း ပြောပြပေးနိုင်သည်။
 
ရင်သားကင်ဆာအတွက် ကုသမှုတွေက ဘာတွေလဲ?
ကုသမှုရွေးချယ်ပိုင်ခွင့်များတွင် ခွဲစိတ်ကုသခြင်း ( Surgery) ၊ ကင်ဆာဆေးသွင်းကုသခြင်း ( Chemotherapy)၊ ဓါတ်ရောင်ခြည်ဖြင့် ကုသခြင်း ( Radiotherapy) နှင့် ဟော်မုန်းဖြင့် ကုသခြင်း တို့ ပါဝင်သည်။ နှစ်မျိုး (သို့) နှစ်မျိုးထက် ပိုသော ကုသခြင်းများကို ပေါင်း၍ တစ်ခါတစ်ရံအသုံးပြုနိုင်သည်။ အသုံးပြုသော ကုသမှုများသည်
 
၁) ကင်ဆာ၏ အရွယ် နှင့် အဆင့် ၊ ကင်ဆာဆဲလ်များ၏ ပြင်းထန်မှု နှင့် ကင်ဆာသည် ဟော်မုန်း ကို တုံပြန်နိုင်မှု၊ ဟာတူး ပေါင်းစည်းနိုင်သောနေရာ ပါဝင်မှု
၂)ကင်ဆာ ရှိသော အမျိုးသမီး၏ အသက်အရွယ် ၊ သွေးဆုံးခြင်း ဖြစ်၊မဖြစ် ၊ ယေဘုယျ ကျန်းမာရေး အခြေအနေ ၊ ကိုယ်တိုင်၏ ကုသမှုအပေါ် ကြိုက်နှစ်သက်လက်ခံမှု တို့ အပေါ်တွင် မူတည်သည်။
သင့်ရောဂါ အခြေအနေကို သိသော အထူးကု ဆရာဝန်နှင့် သင့်ရောဂါ အခြေအနေကို သေချာဆွေးနွေးသင့်သည်။ 
 
သူတို့သည် သင့်ကို ကောင်းကျိုး၊ ဆိုးကျိုးများကို ရှင်းပြပေးနိုင်သည်။ ဥပမာ - ကုသမှု အောင်မြင်နိုင်မှု ၊ ဖြစ်နိုင်သော ဆိုးကျိုး၊ သင့်ကင်ဆာရောဂါ အမျိုးအစားနှင့် ပတ်သက်၍ ဖြစ်နိုင်သော ကုသမှု ရွေးချယ်ပိုင်ခွင့် အမျိုးမျိုးတို့အကြောင့် အသေးစိတ် ရှင်းပြပေးနိုင်သည်။
သင်သည် သင်၏ အထူးကုနှင့် ကုသမှု၏ ရည်မှန်းချက်ကိုလည်း ဆွေးနွေးသင့်သည်။
 
ဥပမာ
- ကုသမှု ရည်ရွယ်ချက်မှာ အများစုတွင် ကင်ဆာရောဂါ ပျောက်ကင်းရန် ဖြစ်သည်။ တိတိကျကျပြောရလျှင် ကင်ဆာ ရောဂါ အဆင့်စောလေလေ၊ ကုသရန် ပျောက်ကင်းနိုင်မှု များလေလေ ဖြစ်သည်။ ပုံမှန် ရင်သား ဓါတ်မှန် ရိုက်ခြင်းကြောင့် အမျိုးသမီး အများစုသည် ရင်သားကင်ဆာကို စောစီးစွာ သိနိုင်ပြီး ကုသပျောက်ကင်းရန် အခွင့်ကောင်း ရှိသည်။ 
 
ဆရာဝန်များသည် ပျောက်ကင်းခြင်း အစား ရောဂါ ငုတ်သွားခြင်း ဟု သာ သုံးလိုကြသည်။ ရောဂါငုတ်သွားခြင်းမှာ ကုသပြီးနောက် ကင်ဆာရောဂါနှင့် ပတ်သက်သောအထောက်အထား မရှိခြင်းဖြစ်သည်။ သင်သည် ရောဂါ ငုတ်သွားလျှင် ပျောက်ကင်းနိုင်ပေသည်။ သို့သော် အချို့လူများတွင် ကင်ဆာသည် လပေါင်းနှစ်ပေါင်းများစွာ ကြာမှ ပြန်ဖြစ်လာသည်။ ထို့ကြောင့် ဆရာဝန်များသည် ကုသပျောက်ကင်းသည် ဟူသော စကားကို သုံးရန် တွန့်ရွံ့ကြသည်။
 
- ကုသမှုသည် ကင်ဆာကို ထိန်းချုပ်ရန် ရည်ရွယ်နိုင်သည်။ ကုသပျောက်ကင်းရန် လက်တွေ့မဖြစ်နိုင်လျှင် ကုသမှုဖြင့် ကင်ဆာ၏ ကြီးထွားမှုနှင့် ပျံ့နှံ့မှုတို့ကို တားနိုင်သောကြောင့် ကင်ဆာသည် ပို၍ ဖြည်းစွာသာ ရှေ့တိုးနိုင်သည်။ ဤသို့ပြုခြင်းဖြင့် သင့်ကို ကင်ဆာရောဂါ လက္ခဏာများ ကင်းစေရန် အချိန်အတန်ကြာ ထိန်းထားနိုင်ပေသည်။
-ကုသမှုသည် အချို့လူများတွင် ရောဂါလက္ခဏာများ သက်သာစေရန် ရည်ရွယ်သည်။ ပျောက်ကင်းအောင် မကုသနိုင်လျှင်တောင်ကုသမှုသည် ကင်ဆာ၏ အရွယ်ကို သေးငယ်စေနိုင်ပြီး နာကျင်မှု လက္ခဏာများကို သက်သာစေနိုင်သည်။ အကယ်၍ ကင်ဆာသည် အဆင့်လွန်နေလျှင် သင်ခံစားနေရသော ရောဂါလက္ခဏာများ သက်သာအောင် ကူညီရန် သင်သည် အာဟာရ ဖြည်စွက်ခြင်းများ၊ အနာသက်သာဆေးများ၊ သို့ အခြားနည်းလမ်းများ စသော ကုသမှုများ လိုအပ်သည်။
 
ခွဲစိတ်ကုသခြင်း (Surgery) အကြောင်းနဲနဲပြောပြ ပေးနိုင်မလား?
 
                       
စဉ်းစားနိုင်သော ခွဲစိတ်မှု နည်းလမ်းများမှာ -
၁) ရင်သားပုံ မပျက်အောင်ခွဲစိတ်ခြင်း (Breast-Conserving Surgery)
 
ဤခွဲစိတ်မှုသည် ကင်ဆာ အသားလုံး အရမ်းမကြီးလျှင် ရွေးချယ်နိုင်သော ခွဲစိတ်မှု တစ်မျိုး ဖြစ်သည် ။ အလုံး ဖယ်ထုတ်ခြင်း (lumpectomy or wide local excision) သည်ကင်ဆာအလုံးနှင့် ပတ်ဝန်းကျင်ရှိ ရင်သား တစ်သျှူး အနည်းငယ်သာ ဖယ်ထုတ်သော ခွဲစိတ်မှု တစ်မျိုးဖြစ်သည်။ ဤခွဲစိတ်မှု ပြီးလျှင် ဓါတ်ရောင်ခြည် ကုသမှု လုပ်ရလေ့ရှိသည်။ ဓါတ်ကင်ခြင်း၏ ရည်ရွယ်ချက်မှာ ရင်သားတစ်သျှူးထဲတွင် ကျန်နေသော မည်သည့် ကင်ဆာ ဆဲလ်ကို မဆို သတ်ရန် ဖြစ်သည်။
 
၂) ရင်သားကို ဖြတ်ထုတ်ခြင်း (Mastectomy)
 
                 
ဤခွဲစိတ်မှုကို ကင်ဆာလုံး အရမ်းကြီးလျှင်သော်လည်းကောင်း၊ ကင်ဆာသည် ရင်သား အလည်တည့်တည့်တွင် ရောက်နေလျှင်သော်လည်းကောင်း လိုအပ်နိုင်သည်။ တစ်ခါတစ်ရံ ရင်သားဖြတ်ထုတ်ပြီးနောက် ရင်သားအသစ်တစ်ခုဖန်တီးရန် ရင်သား ပြန်တည်ဆောက်သော ခွဲစိတ်မှု (breast reconstructive surgery) လုပ်နိုင်သည်။ ဤရင်သားပြန်တည်ဆောက်ခြင်းသည် ရင်သားဖြတ်ထုတ်ပြီးပြီးချင်း လုပ်နိုင်သလို ရင်သားဖြတ်ထုတ်ပြီး လ (သို့) နှစ် အနည်းငယ်ကြာမှလည်း လုပ်နိုင်ပေသည်။ ယခုတွင် အမျိုးအစားပေါင်း များစွာသော ရင်သား ပြန်တည်ဆောက်ခြင်း ခွဲစိတ်မှုများ ရှိနေပေပြီ။
 
၃)ကင်းစောင့် ပြန်ရည်ကျိတ် ထုတ်ယူခြင်း (Sentinel Lymph Node Biopsy)
 
 
ရင်သား မှ စီးဆင်းသော အဓိက ပြန်ရည်ကျိတ်များတွင် ကင်ဆာ ရှိ၊မရှိ စမ်းသပ်သော နည်း တစ်မျိုး ဖြစ်သည်။ ထိုအကျိတ်တို့တွင် ကင်ဆာ ဆဲလ်များ ကင်းလျှင် ချိုင်းကြားအတွင်းရှိ ကျန်အကျိတ်များကို ဖယ်ထုတ်ရန် မလိုချေ။ ဤသို့ ကင်းစောင့်အကျိတ် မဖယ်ထုတ်နိုင်လျှင် ချိုင်းကြားအတွင်းရှိ ပြန်ရည်ကျိတ် တစ်လုံးနှင့် အထက်ကို ထုတ်နိုင်ပေသည်။ ထိုသို့ လုပ်ခြင်းဖြင့် ရောဂါ၏အဆင့်ကို တိကျစွာ သိနိုင်သလို အထူးကုဆရာဝန်ကို ခွဲစိတ်ပြီးနောက် မည်သည့်ကုသမှု ထပ်လုပ်ရမည့်အကြံကို လမ်းပြပေးနိုင်သည်။
 
ဓါတ်ရောင်ခြည်ဖြင့် ကုသခြင်း (Radiotherapy) အကြောင်းပြောပြပေးနိုင် မလား?
ဓါတ်ရောင်ခြည်ဖြင့် ကုသခြင်းဆိုသည်မှာ ကင်ဆာတစ်သျှူးမျာပေါ်သို့ စုစည်းထားသော စွမ်းအားမြင့် ဓါတ်ရောင်စဉ်တန်းများကို အသုံးပြုခြင်း ဖြစ်သည်။ ဤသို့ လုပ်ခြင်းက ကင်ဆာဆဲလ်များကို သတ်နိုင်သည်။ (သို့) ကင်ဆာဆဲလ်များ ပွားများခြင်းကို သတ်နိုင်သည်။
ရင်သားကင်ဆာအတွက်မူ ဓါတ်ရောင်ခြည် ကုထုံးကို ခွဲစိတ်မှု နှင့်သာ တွဲ၍ အဓိက သုံးသည်။ ဥပမာ - သင်သည် ရင်သားပုံမပျက်ခွဲစိတ်မှု ပြုလုပ်ထားပါက ရောဂါဖြစ်သော ရင်သားကို ခွဲစိတ်ပြီးနောက် ဓါတ်ရောင်ခြည်ဖြင့် ကုသရန်လိုသည်။ ရည်ရွယ်ချက်မှာ အဆိုပါရင်သားတွင် ကင်ဆာပြန်ဖြစ်ခြင်းမှ ကာကွယ်ရန်ဖြစ်သည်။ ဓါတ်ရောင်ခြည်ကုသမှုကို ခွဲစိတ်ပြီးနောက်အသုံးပြုလျှင် ထပ်ပေါင်း ဓါတ်ရောင်ခြည်ကုသမှု(adjuvant radiotherapy) ဟု ခေါ်သည်။
 
ဟော်မုန်းဖြင့် ကုသခြင်း (Hormone treatments) အကြောင်းပြောပြပေးနိုင် မလား?
အချို့ရင်သားကင်ဆာများသည် အမျိုးသမီးဟော်မုန်းများဖြစ်သော အီစထရိုဂျင် ( Oestrogen) နှင့် ပရိုဂျက်စတုန်း (Progesterone) ကြောင့် ဖြစ်သည်။ ဤဟော်မုန်းများက ကင်ဆာဆဲလ်များကို ကွဲထွက်ပြီး ပွားများစေရန် လှုံ့ဆော်သည်။ အီစထရိုဂျင် နှင့် ပရိုဂျက်စတုန်း ဟော်မုန်း အများစုသည် မ မျိုးဥအိမ်မှ ထုတ်လုပ်သည်။ ဤဟော်မုန်းများကို လျော့ကျစေသော (သို့) အလုပ်လုပ်ခြင်းကို တားဆီးသော ကုသမှုများကို ရင်သားကင်ဆာ ဖြစ်သောသူများတွင် တွင်ကျယ်စွာ အသုံးပြုသည်။
 
ဟော်မုန်းကုသမှုသည် ဟော်မုန်းတုံ့ပြန် ရင်သားကင်ဆာများတွင် အကောင်းဆုံး အလုပ် လုပ်သည်။ သို့သော် တစ်ခါတစ်ရံ ဟော်မုန်း မတုံ့ပြန် ရင်သားကင်ဆာများတွင်လည်း အလုပ်လုပ်သည်။ေ ဟာ်မုန်းကုသ မှုများတွင် အီစထရိုဂျင်ကို ပိတ်သော ဆေးများ - တမောက်စီဖင် (Tamoxifen) ကို ရရှိနိုင်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ရှိခဲ့ပြီး ယနေ့အထိ တွင်ကျယ်စွာ အသုံးပြုနေဆဲ ဖြစ်သည်။ အီထရိုဂျင်ဟော်မုန်း ဆဲလ်များပေါ်တွင် အလုပ်လုပ်ခြင်းကို တားဆီးသည်။ 
 
များသောအားဖြင့် ငါးနှစ်ကြာအောင် သောက်ရလေ့ရှိသည်။ အီစထရိုဂျင်ကို ပိတ်သော အခြားဆေးများလည်း ယခု ရရှိနိုင်နေပေပြီ။အေရိုမာတေ့(Aromatase) တားဆေးများ - ဤဆေးများသည် ခန္ဓာကိုယ်တစ်သျှူး များတွင် အီစထရိုဂျင် ထုတ်လုပ်ခြင်းကို တားခြင်းဖြင့် အလုပ်လုပ်သည်။ သွေးဆုံးသွားသော အမျိုးသမီးများတွင် အသုံးပြုသည်။ ဤဆေးများတွင် အနာထရိုဇော (Anastrozole) ၊ လီထရိုဇော (Letrozole) ၊ အိတ်မက်စတိန်း (Exemestane) တို့ ပါဝင်သည်။
 
-GnRH ဟော်မုန်း ဆင်တူဆေးများ - ဤဆေးများသည် မမျိုးဥအိမ်တွင် ထုတ်လုပ်သော အီစထရိုဂျင်ပမာဏကို အတော်များများ လျော့ကျစေခြင်းအားဖြင့် အလုပ်လုပ်သည်။ ဤသို့သော ဆေးဝါးမျိုးများစွာ ရှိသည်။ အသုံးအများဆုံးတစ်ခုမှာ ဂိုစရီလင်း (Goserelin) ဖြစ်သည်။ ထိုးဆေးအနေဖြင့် သုံးလေ့ရှိပြီး သွေးမဆုံးသေးသော အမျိုးသမီးများတွင် အသုံးပြုသည်။
-အခြားပြုလုပ်နိုင်သော နည်းလမ်းတစ်ခုမှာ သေးမဆုံးသေးသော အမျိုးသမီးများအတွက် မမျိုးဥအိမ်များကို ဖယ်ထုတ်ခြင်း သို့ ဓါတ်ရောင်ခြည်ဖြင့် ဖျက်ဆီးခြင်းများ ပြုနိုင်သည် ။ ဤသို့အားဖြင့် အီစထရိုဂျင် ထုတ်လုပ်ခြင်းကို ရပ်စေသည်။
 
ကင်ဆာဆေးသွင်း ကုသခြင်း (chemotherapy) အကြောင်းပြောပြပေးနိုင် မလား?
ကင်ဆာဆေးသွင်း ကုသခြင်း ဆိုသည်မှာ ကင်ဆာ ဆဲလ်များကို သတ်နိုင်သော (သို့) ၎င်းတို့ ပွားများခြင်းကို တားနိုင်သောဆေးများဖြင့် ကင်ဆာကို ကုသခြင်း ဖြစ်သည်။
 
ကင်ဆာဆေးသွင်းကုသခြင်းကို ခွဲစိတ်မှုပြီးနောက်ပြုလုပ်ခြင်းကို ထပ်ပေါင်း ကင်ဆာဆေးသွင်း ကုသခြင်း (Adjuvant chemotherapy) ဟုခေါ်သည်။ ရည်ရွယ်ချက်မှာ အဓိက ကင်ဆာနေရာမှ ပျံ့နှံ့သွားနိုင်သော မည်သည့် ကင်ဆာ ဆဲလ်ကို မဆို သတ်ပစ်ရန် ဖြစ်သည်။
 
တစ်ခါတစ်ရံ ကင်ဆာဆေးကို မခွဲစိတ်ခင် ကင်ဆာအလုံး ရှုံ့သွားရန် အတွက် ပေးလေ့ရှိသည်။ ထိုသို ပြုလုပ်ခြင်းဖြင့် ခွဲစိတ်မှု အောင်မြင်ရန် အခွင့်အလမ်းပိုများပြီး ခွဲစိတ်မှုလည်း ပို လွယ်ကူသွားနိုင်သည်။ ဤသည်ကို ဦးစွာ ကင်ဆာဆေးသွင်းကုသခြင်း (Neoadjuvant chemotherapy) ဟုခေါ်သည်။ ကင်ဆာဆေးသွင်းသော အမျိုးအစားသည် ကင်ဆာပေါ်တွင်လည်း မူတည်သည်။
မျိုးရိုး ဗီဇ စစ်ဆေးမှု အသစ်များ ပေါ်ထွက်လာပြီး ထိုအရာများက ဆရာဝန်များကို မည်သူက ကင်ဆာဆေးသွင်းကုသခြင်းဖြင့် အကျိုးများနိုင်မည်ကို သိရှိရန်ကူညီသည်။
ကင်ဆာဆေးသွင်းကုသခြင်းကို ခန္ဓာကိုယ်ရှိ အခြားနေရာများသို့ ပျံ့နှံ့သွားသော ရင်သားကင်ဆာ ဖြစ်ပွားသော အမျိုးသမီးများတွင်လည်း သုံးကြပေသည်။
 
ထရာတူး ဇူးမတ် (Tratuzumab)  ဆေးအမည် - ဟာဆပ် (ပ်) တင် (Herceptin) ဆိုတာ ဘာဆေးလဲ၊ ဘယ်လိုသုံးတာလဲ?
 
ထရာတူ ဇူးမတ်သည် ကင်ဆာထဲတွင် ဟာတူး လက်ခံကိရိယာများစွာ ပါဝင်သော အမျိုးသမီးများကို ပေးသော ကုသမှုတစ်ခု ဖြစ်သည်။ ဆဲလ်လိုင်း တစ်မျိုးကို အဓိကထားတိုက်ခိုက်သော ပဋိပစ္စည်း monoclonal antibody ဟုခေါ်သော ဆေးဝါးတစ်မျိုးဖြစ်သည်။ ရင်သားကင်ဆာဆဲလ်များ၏ မျက်နှာပြင်ပေါ်ရှိ ဟာတူးလက်ခံကိရိယာများကို တွဲဆက်ပြီးနောက် ကင်ဆာဆဲလ်များ ပွားများခြင်းနှင့် ကြီးထွားခြင်းကို တားဆီးခြင်းအားဖြင့် အလုပ်လုပ်သည်။
 
ယေဘုယျ ရင်သားကင်ဆာ၏ ရလဒ် သုံးသပ်ချက်က ဘာလဲ?
ရလဒ်များသည် ပြီးခဲ့သော နှစ်အနည်းငယ်အတွင်း များစွာ တိုးတက်လာသည်။ နှစ်လေးဆယ်အတွင်း ရင်သားကင်ဆာကြောင့် သေဆုံးမှုသည် အနိမ့်ဆုံးဖြစ်လာသည်။ ရင်သာကင်ဆာကုသမှုများ များစွာ တိုးတက်လာခြင်းမှာ အဓိက အကြောင်းအရင်းဖြစ်သည်။ ရလဒ်သည် ကင်ဆာသေးငယ်ပြီး မပျံ့နှံ့ခင် သိရှိသောသူများတွင် အကောင်းဆုံးဖြစ်သည်။ ရင်သားကင်ဆာ အများစုသည် ယခု အစောပိုင်း အဆင့်တွင်ပင် သိရှိ၍ ကုသနိုင်ကြပြီ ဖြစ်သည်။ ယေဘူယျအားဖြင့် ကင်ဆာ အဆင့်ပိုမြင့်လေလေ ပျောက်ကင်းအောင် ကုသနိုင်မှု ရာခိုင်နှုန်းနည်းလေလေ ဖြစ်သည်။ ကင်ဆာ ကုသမှုသည် ဆေးပညာ၏ တိုးတက်နေသော နယ်ပယ်တစ်ခုဖြစ်သည်။ ကုသမှု အသစ်များလည်း ဆက်လက်ထွက်ပေါ်နေပြီး ရလဒ်အပေါ် သတင်းအချက် များသည်လည်း အလွန်ယေဘူယျ ကျသည်။ သင့်ရောဂါ အကြောင်းကို သိသော အထူးကုဆရာဝန်က သင့်ရောဂါ၏ ရလဒ်နှင့် ပတ်သက်သော အချက်အလက် အသေးစိတ်ကို ရှင်းပြနိုင်ပေသည်။
 
ရင်သားကင်ဆာကို စစ်ဆေးရှာဖွေခြင်း (Screening) လုပ်လို့ရလား?
 
 
                              အချို့နိုင်ငံများတွင် အသက် ငါးဆယ်မှ ခုနှစ်ဆယ် အရွယ်အတွင်းရှိ အမျိုးသမီးများကို သုံးနှစ်တစ်ကြိမ် ရင်သားဓါတ်မှန် ပုံမှန် ရိုက်ရန် ဖိတ်ခေါ်လေ့ရှိသည်။ အခုနောက်ပိုင်း အသက်အပိုင်းအခြားကို လေးဆယ်ခုနှစ်နှစ်မှ ခုနှစ်ဆယ့် သုံးနှစ် အတွင်းသို့ တိုးမြှင့်လာသည်။ 
 
ရင်သားဓါတ်မှန်သည်အထူးဓါတ်မှန်တစ်မျိုးဖြစ်ပြီး ကုသပျောက်ကင်းနိုင်သော အစောဆုံး အဆင့်မှာပင် ရင်သားကင်ဆာကို ရှာတွေ့ရန် ရည်ရွယ်သည်။ မျိုးရိုးဗီဇ စစ်ဆေးခြင်းနှင့် ရင်သားဓါတ်မှန် ရိုက်ရှာဖွေ ခြင်းတို့ကို မိသားစု ရင်သားကင်ဆာဖြစ်မှု သမိုင်းကြောင်း ခိုင်မာသော အသက်ငယ်သော အမျိုးသမီးများတွင် လုပ်လေ့ရှိသည်။ သင်သည် ဤအချက်နှင့်အကျုံးဝင်လျှင် သင်၏ ဆရာဝန်ကို တွေ့သင့်သည်။
 
ရင်သားကင်ဆာကို ကာကွယ်ခြင်း (Prevention) ကို ဘယ်လိုဆောက်ရွက်ရမှာလဲ? 
ရင်သားကင်ဆာ စစ်ဆေးရှာဖွေခြင်းအားဖြင့် ရင်သားကင်ဆာ အများစုကို အစောပိုင်း အဆင့်မှာပင် တွေ့နိုင်သည်။ သို့သော် အချို့လူများတွင်မူ မဟုတ်ပေ။ အချို့အမျိုးသမီးများသည် ပထမဆုံးအကြိမ် ရင်သားဓါတ်မှန် မရိုက်မီကပင် ရင်သားကင်ဆာဖြစ်ပွားပြီး အချို့မှာမူ ရင်သားဓါတ်မှန် တစ်ကြိမ်နှင့် နောက်တစ်ကြိမ် ကြားတွင် ရင်သားကင်ဆာ ဖြစ်ပွားသည်။ 
 
အမျိုးသမီးတိုင်း မည်သည့် အသက်အရွယ်မဆို ရင်သားနှင့် ပတ်သက်၍ သတိရှိသင့်သည်။ ဆိုလိုသည်မှာ သင်၏ ရင်သားနှင့်နို့သီးခေါင်း၏ ပုံမှန် သဏ္ဍာန်နှင့် ခံစားမှု၊ ဓမ္မတာ မလာခင် နှင့် လာပြီး ရင်သားတွင် ပြောင်းလဲမှုများ ကို မှတ်မိသိရှိရပေမည်။ သင်ထံတွင်  ရင်သား ပြောင်းလဲမှုများ၊ အလုံး၊ ပုံသဏ္ဍာန်မမှန်မှုများ သတိထားမိလျှင် သင်မိသားစု ဆရာဝန်နှင့် ပြသသင့်သည်။
 
ပုံမှန် လေ့ကျင့်ခန်း လုပ်ခြင်းသည် ရင်သားကင်ဆာ ဖြစ်ပွားမှုအန္တရာယ်ကို သုံးပုံတစ်ပုံခန့် လျော့ကျ စေနိုင်ကြောင်း အချို့လေ့လာချက်များအရ တွေ့ရသည်။ သင်သည် သွေးဆုံးပြီးလျှင် ခန္ဓာကိုယ် အလေးချိန် အဝမလွန်ရန် အရေးကြီးသည်။ အကြောင်းမှာ သင်သည် ၀လေလေ အီစထရိုဂျင် ဟော်မုန်းများ ပိုထွက် လေလေဖြစ်ပြီး ရင်သားကင်ဆာ ဖြစ်နိုင်မှု အန္တရာယ်ကို များစေသည်။
 
ကလေးကို မိခင်နို့တိုက်သောအမျိုးသမီးများတွင် မတိုက်သော အမျိုးသမီးများထက် ရင်သားကင်ဆာ အဖြစ်နည်းသည်ကို လေ့လာမှုများအရ တွေ့ရသည်။ ဖြစ်နိုင်သော အကြောင်းမှာ နို့တိုက်ကျွေးနေစဉ်အတောအတွင်း မမျိုးဥကို ပုံမှန်အတိုင်း မထုတ်သောကြောင့် အီစထရိုဂျင်ပါဝင်မှုအဆင့်မှာ တည်ငြိမ်သည်။
 
ရင်သားကင်ဆာ ကာကွယ်နိုင်သော ကုသမှုနည်းလမ်း နှစ်မျိုးရှိသည်။ ရင်သားကို ဖြတ်ထုတ်သော ခွဲစိတ်ခြင်းနှင့် ဆေးသောက်ခြင်း တို့ ဖြစ်သည်။ ခွဲစိတ်မှုကို ရင်သားကင်ဆာ ကုသရန် အတွက် သုံးနိုင်သလို ရင်သားကင်ဆာ ဖြစ်ပွားခြင်းကို လျော့ချရန် အတွက်လည်း သုံးနိုင်သည်။ ရင်သားတစ်သျှူးများကို ဖြစ်နိုင်သမျှ ဖယ်ထုတ်ခြင်းအားဖြင့် ရင်သားဖြတ်ထုတ် ခွဲစိတ်မှုသည် ရင်သားကင်ဆာဖြစ်ပွားမှု အန္တရာယ်ကို ၉၀ ရာခိုင်နှုန်းအထိ လျော့ချပေးနိုင်သည်။ အခြားခွဲစိတ်မှုများကဲ့သို့ပင် ဤခွဲစိတ်မှုသည် နောက်ဆက်တွဲဆိုးကျိုးများ ရှိနိုင်ပြီး လက်ခံနိုင်ရန် လွယ်ကူသော အဆင့် မဟုတ်ပေ။ သင်သည် မျိုးရိုးဗီဇ စစ်ဆေးမှုအရ ဖြစ်နိုင်မှုအန္တရာယ်များသောမိသားစုမှ အမျိုးသမီးဖြစ်လျှင် ဤခွဲစိတ်မှုမလုပ်မှီ သင်ဆရာဝန်များနှင့် ထဲထဲဝင်ဝင် ဆွေးနွေးသင့်သည်။
 
တမောက်စီဖင် (tamoxifen) နှင့် ရာလောက်စီဖင် (raloxifene) ဆေးများကို ရင်သားကင်ဆာဖြစ်နိုင်မှု အန္တရာယ်များသော အမျိုးသမီးများအတွက် ရရှိနိုင်ပေသည်။ ဤဆေးနှစ်မျိုးလုံကို သွေးဆုံးပြီး အမျိုးသမီး များတွင်လည်း အသုံးပြုနိုင်သည်။ တမောက်စီဖင် ဆေးကိုသာလျှင် သွေးမဆုံးသေးသော အမျိုးသမီးများတွင် အသုံးပြုနိုင်သည်။ ရင်သားနှစ်ခုလုံး ဖယ်ထုတ်ထားသောအမျိုးသမီးများတွင် ရင်သား ကင်ဆာဖြစ်ပွားနိုင်မှု အန္တရာယ် အလွန်နည်းသောကြောင့် ဤဆေးများ ညွှန်းရန် မလိုအပ်ပေ။
 
တမောက်စီဖင် (သို့) ရာလောက်စီဖင် ဖြင့် ကုသမှုတွင် တစ်ရက်တစ်လုံး သောက်သုံးခြင်းကို ငါးနှစ်ကြာအောင် ပြုလုပ်ရလေ့ရှိသည်။ လက်ရှိ ထိုဆေးများကို ရင်သားကင်ဆာဖြစ်ပွားမှုအန္တရာယ်ကို လျော့ချရာတွင် သုံးရန် လိုင်စင်မရှိသေးချေ။ သို့သော် သင်သည် အကျိုးအပြစ်ကို နားလည်ပြီး သင့်ဆရာဝန်က ကုသမှုသည် အကျိုးရှိသည်ဟု ယုံကြည်လျှင် ၎င်းတို့ကို ဆက်လက် သုံးစွဲ နိုင်ပေသည်။ (Crd:myanmarhealthcentre)

No comments:

Powered by Blogger.