ခံတွင်းကင်ဆာ ?

 Join the fight against mouth cancer | dentalcare.co.uk

 ခံတွင်းကင်ဆာ ဆိုတာဘာလဲ?

ခံတွင်းကင်ဆာ ဆိုသည်မှာ လျှာ၊ သွားဖုံး၊ အာခေါင်၊ လျှာအောက်၊ နှုတ်ခမ်းနှင့် ပါးစပ်အတွင်းကို ကာထားသော အရေပြား အပါအဝင် ပါးစပ်ထဲရှိ မည့်သည့်နေရာတွင် မဆို ဖြစ်သော ကင်ဆာကို ဆိုလိုသည်။

အမျိုးသမီးများထက် အမျိုးသားများတွင် ပို အဖြစ်များပြီး အသက် ၄၀ အောက်တွင် ဖြစ်ခဲသည်။ သွားဆရာဝန်များမှ ရောဂါဖြစ်ပွား1မှုကို တွေ့ရများသည်။

 

ဘာတွေက ခံတွင်းကင်ဆာကို ဖြစ်စေသလဲ?

ကင်ဆာအလုံးသည် ပုံမှန် မဟုတ်သော ဆဲလ်တစ်ခုမှ စတင်သည်။ ဆဲလ်အတွင်း ရှိ မျိိုးရိုးဗီဇများကို တစ်စုံတစ်ခုက ပြောင်းလဲခြင်း၊ ထိခိုက်ခြင်း ဖြစ်စေသည်ဟု ယူဆကြသည်။ ထိုအရာက ဆဲလ်ကို ပုံမမှန် ဖြစ်စေပြီး အထိန်းအချုပ်မဲ့ ပွားများစေသည်။

အချို့လူများတွင် ခံတွင်းကင်ဆာသည် အကြောင်းမရှိဘဲ ဖြစ်ပွားသည်။ သို့သော် အချို့အချက်များသည် ခံတွင်းကင်ဆာ ဖြစ်ပွားမှုကို မြင့်စေသည်။ ထိုအရာများတွင်

  •           ဆေးလိပ်သောက်ခြင်း - ခံတွင်းကင်ဆာသည် ဆေးလိပ်မသောက်သူများထက် ဆေးလိပ်သောက်သူများတွင် ဖြစ်ပွားမှု ပိုများသော ရောဂါ ဖြစ်သည်။
  •           အရက်သောက်ခြင်း - အရက်သောက်ခြင်းကလည်း ခံတွင်းကင်ဆာ ဖြစ်ပွားနိုင်မှုကို များစေသည်။
  •           ဆေးရွက်ကြီး ဝါးခြင်း၊ ကွမ်းစားခြင်း
  •           ခံတွင်း သန့်ရှင်းရေး အားနည်းခြင်း
  •           အစားအသောက် - (ညီညွတ်မျှတသော အစာကို စားသုံးခြင်း တနည်းအားဖြင့် အသီးအရွက်၊ ငါးများသော အစာ နှင့် အဆီနည်းသော အသား၊ ဆန် တို့ကို စားသုံးခြင်းက ခံတွင်းကင်ဆာ ဖြစ်ပွားနိုင်မှုကို လျော့ချပေးသည်)
  •           ကြွက်နို့ ဖြစ်စေသော ဗိုင်းရပ် ပိုး (သို့) ပတ် ပလိုးမား ဗိုင်းရပ် (human papilloma virus) က ခံတွင်း ကင်ဆာ ဖြစ်ပွားနိုင်ချေကို မြင့်စေသည်။
  •           ခံတွင်းတွင် ဖြစ်သော အချို့ ရောဂါများ ဥပမာ လျှာ အဖြုဖတ်များ ကပ်ခြင်း၊ လျှာအနီဖတ်များ ကပ်ခြင်း ရောဂါ တို့သည် ခံတွင်းကင်ဆာ ဖြစ်ပွားနိုင်ချေကို များစေသည်။

 

ခံတွင်းကင်ဆာရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ?

          ခံတွင်းကင်ဆာ၏ အဖြစ်အများဆုံး ရောဂါ လက္ခဏာမှာ ပါးစပ်ထဲတွင် မပျောက်သော အနာ ဖြစ်နေခြင်း နှင့် ပါးစပ်ထဲ နာကျင်ခြင်း မပျောက်ခြင်းတို့ ဖြစ်သည်။

          အတော်များများတွင် ပါးစပ်ထဲတွင် ကင်ဆာ မဖြစ်ပေါ်ခင်ပင် ပြောင်းလဲမှုများကို  တွေ့နိုင်သည်။ ဆိုလိုသည်မှာ ထိုပြောင်းလဲမှုများကို စောစော စီးစီးသိ၍ ကုနိုင်လျှင် ကင်ဆာ ဖြစ်ပေါ်မှုကို တားဆီး နိုင်ပေ သည်။

          အခြားဖြစ်နိုင်သော ရောဂါ လက္ခဏာများမှာ -

  •           ပါးစပ်ထဲတွင်  အဖြူဖတ်များ ကပ်ရှိနေခြင်း
  •           ပါးစပ်ထဲတွင် အနီဖတ်များ ကပ်ရှိနေခြင်း
  •           နှုတ်ခမ်း၊ လျှာ၊ ပါးစပ်ထဲနှင့် လည်ချောင်း တို့တွင် အလုံးပေါ်လာခြင်း
  •           ပါးစပ်ထဲတွင် ပုံမှန်မဟုတ်ဘဲ သွေးထွက်နေခြင်း၊ ထုံနေခြင်း
  •           အစာ ဝါးသော အခါ နာကျင်ခြင်း
  •           လည်ချောင်းထဲတွင် တစ်ခုခု ရှိသည်ဟု ခံစားရခြင်း
  •           အသံ ပြောင်းခြင်း ၊ စကားပြောရ ခက်ခဲခြင်း
  •           ကိုယ်အလေးချိန် သိသိသာသာ ကျခြင်း
  •           လည်ပင်းတွင် အလုံးပေါ်လာခြင်း
  •           ကင်ဆာသည် ခန္ဓာကိုယ်အခြားနေရာများသို့ ပျံ့နှံ့ ရောက်ရှိသွားပါက အခြား ရောဂါလက္ခဏာ ပေါင်းစုံ ဖြစ်ပေါ်လာနိုင်သည်။

အထက်ပါ ရောဂါလက္ခဏာမျာသည် အခြား အခြေအနေများကြောင့်လည်း ဖြစ်နိုင်သောကြောင့် ခံတွင်းကင်ဆာ သေချာစေရန် စစ်ဆေးမှုများ လိုအပ်သည်။

မှတ်ချက်။       ။ ပါးစပ်အတွင်း အနာမကျက်ခြင်း သုံးပတ်ကျော်ပါက သွားဆရာဝန် (သို့) ဆရာဝန်နှင့် ပြသတိုင်ပင်သင့်သည်။

 

ခံတွင်းကင်ဆာကို ဘယ်လို ရောဂါအတည်ပြုမလဲ? ဘယ်လို စမ်းသပ် စစ်ဆေးနိုင်မလဲ?

ရောဂါ သေချာစေရန်

ထို့အတွက်မူ အသားစယူရန် လိုပေလိမ့်မည်။ အသားစယူခြင်းဆိုသည်မှာ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုခုမှ သေးငယ်သော တစ်သျှူးနမူနာ အနည်းငယ်ကို ထုတ်ယူသော နည်းတစ်ရပ် ဖြစ်သည်။ ထို့နောက် ထိုအသားစနမူနာကို အနုကြည့် မှန်ဘီလူးအောက်တွင် ကြည့်၍ ပုံမှန် မဟုတ်သော ဆဲလ်များကို ရှာဖွေသည်။ အသားစအဖြေရရန် နှစ်ပတ်ခန့် ကြာနိုင်သည်။

ခံတွင်းကင်ဆာရောဂါ၏ ပမာဏ နှင့် ပျံ့နှံ့မှုကို စစ်ဆေးခြင်း

          ခံတွင်းကင်ဆာ ဖြစ်သည် ဟု သေချာပါက အခြားစမ်းသပ်စစ်ဆေးမှုများ လုပ်ရန် လိုသည်။ ဥပမာ အပ်ချောင်းဖြင့် အနီးနားရှိ ပြန်ရည်ကျိတ်များမှ အသားစ နမူနာ ယူခြင်း ။ ထိုသို့ လုပ်ခြင်းမှာ ပြန်ရည်ကျိတ်များဆီသို့ ကင်ဆာဆဲလ်များ ပျံ့နှံံ့မှု ရှိ၊ မရှိ သိရန် ဖြစ်သည်။

          ကင်ဆာ အခြားနေရာသို့ ပျံနှံ့မှု ရှိ၊ မရှိကို သိရှိရန် အခြား စစ်ဆေးမှုများလည်း လုပ်နိုင်သည်။ ဥပမာ - ကွန်ပျူတာ ဓါတ်မှန် ရိုက်ခြင်း၊ သံလိုက်ဓါတ်မှန် ရိုက်ခြင်း

          ဤသို့ စစ်ဆေးခြင်းကို ကင်ဆာ အဆင့်သတ်မှတ်ခြင်း ဟု ခေါ်သည်။

ကင်ဆာအဆင့် သတ်မှတ်ခြင်း၏ ရည်ရွယ်ချက်မှာ -

- ကင်ဆာသည် အဆုတ်ထဲတွင် မည်မျှရှိသည်၊ ကင်ဆာသည် မည်မျှ ဖြတ်ကျော်ကြီးထွားနေသည်ကို ရှာဖွေရန်

- ကင်ဆာသည် ဝန်းကျင်ရှိ ပြန်ရည်ကျိတ်များသို့ ပျံ့နှံံံ့ခြင်း ရှိ၊ မရှိ သိရှိရန်။

- ကင်ဆာသည် ခန္ဓာကိုယ်ရှိ အခြားနေရာများသို့ ပျံ့နှံ့ခြင်း ရှိ၊ မရှိကို သိရှိရန် တို့ဖြစ်သည်။

ကင်ဆာအဆင့်ကို သတ်မှတ်ခြင်းဖြင့် မည်သည့်ကုသမှုသည် အကောင်းဆုံးဖြစ်မည်ကို ဆရာဝန်ကို အကြံဖြစ်စေသည်။ ထို့ပြင် ကင်ဆာရောဂါ၏ ဖြစ်နိုင်သော ရလဒ်ကိုလည်း သိနိုင်သည်။

 

ခံတွင်းကင်ဆာကို ကုသဖို့ နည်းလမ်းတွေက ဘာတွေလဲ?

          စဉ်းစားနိုင်သော ကုသမှုနည်းလမ်းများတွင် ခွဲစိတ်ခြင်း၊ ကင်ဆာ ဆေးသွင်းကုသခြင်း၊ ဓါတ်ရောင်ခြည်ဖြင့် ကုသခြင်း တို့ ပါဝင်သည်။ ခံတွင်းကင်ဆာ ရောဂါတိုင်းအတွက် ကုသမှုနည်းလမ်းကို ရွေးချယ်ရာတွင် -

-မူလကင္ဆာ၏ ေနရာ

-ကင်ဆာသည် မည်မျှ အရွယ်ကြီးသည်

-အဆင့် မည်မျှ ရှိသည်

-လူနာ၏ အထွေထွေ ကျန်းမာရေး အခြေအနေတို့ အပေါ်တွင် မူတည်သည်။

ရောဂါ အခြေအနေကို သိသော အထူးကု ဆရာဝန်နှင့် ရောဂါ အခြေအနေကို သေချာဆွေးနွေးသင့်သည်။ သူတို့သည် ကောင်းကျိုး၊ ဆိုးကျိုးများကို ရှင်းပြပေးနိုင်သည်။ ဥပမာ - ကုသမှု အောင်မြင်နိုင်မှု ၊ ဖြစ်နိုင်သော ဆိုးကျိုး၊ ကင်ဆာရောဂါ အမျိုးအစားနှင့် ပတ်သက်၍ ဖြစ်နိုင်သော ကုသမှု ရွေးချယ်ပိုင်ခွင့် အမျိုးမျိုးတို့အကြောင့် အသေးစိတ် ရှင်းပြပေးနိုင်သည်။

အထူးကုနှင့် ကုသမှု၏ ရည်မှန်းချက်ကိုလည်း ဆွေးနွေးသင့်သည်။ ဥပမာ-

-ကုသမှု ရည်ရွယ်ချက်မှာ အများစုတွင် ကင်ဆာရောဂါ ပျောက်ကင်းရန် ဖြစ်သည်။ တိတိကျကျပြောရလျှင် ကင်ဆာ ရောဂါ အဆင့်စောလေလေ၊ ကုသရန် ပျောက်ကင်းနိုင်မှု များလေလေ ဖြစ်သည်။ (ဆရာဝန်များသည် ပျောက်ကင်းခြင်း အစား ရောဂါ ငုတ်သွားခြင်း ဟု သာ သုံးလိုကြသည်။ ရောဂါငုတ်သွားခြင်းမှာ ကုသပြီးနောက် ကင်ဆာရောဂါနှင့် ပတ်သက်သောအထောက်အထား မရှိခြင်းဖြစ်သည်။ သင်သည် ရောဂါ ငုတ်သွားလျှင် ပျောက်ကင်းနိုင်ပေသည်။ သို့သော် အချို့လူများတွင် ကင်ဆာသည် လပေါင်းနှစ်ပေါင်းများစွာ ကြာမှ ပြန်ဖြစ်လာသည်။ ထို့ကြောင့် ဆရာဝန်များသည် ကုသပျောက်ကင်းသည် ဟူသော စကားကို သုံးရန် တွန့်ရွံ့ကြသည်။)

- ကုသမှုသည် ကင်ဆာကို ထိန်းချုပ်ရန် ရည်ရွယ်နိုင်သည်။ ကုသပျောက်ကင်းရန် လက်တွေ့မဖြစ်နိုင်လျှင် ကုသမှုဖြင့် ကင်ဆာ၏ ကြီးထွားမှုနှင့် ပျံ့နှံ့မှုတို့ကို တားနိုင်သောကြောင့် ကင်ဆာသည် ပို၍ ဖြည်းစွာသာ ရှေ့တိုးနိုင်သည်။ ဤသို့ပြုခြင်းဖြင့် သင့်ကို ကင်ဆာရောဂါ လက္ခဏာများ ကင်းစေရန် အချိန်အတန်ကြာ ထိန်းထားနိုင်ပေသည်။

-ကုသမှုသည် အချို့လူများတွင် ရောဂါလက္ခဏာများ သက်သာစေရန် ရည်ရွယ်သည်။ ပျောက်ကင်းအောင် မကုသနိုင်လျှင်တောင်  ကုသမှုသည် ကင်ဆာ၏ အရွယ်ကို သေးငယ်စေနိုင်ပြီး နာကျင်မှု လက္ခဏာများကို သက်သာစေနိုင်သည်။ အချို့ကုသမှုများသည် ကင်ဆာ၏ အရွယ်ကို လျော့ချပေးပြီး နာကျင်ခြင်း၊ အစာမျိုရန် ခက်ခဲခြင်း စသော ရောဂါလက္ခဏာများကို သက်သာစေသည်။

ခွဲစိတ်ကုသခြင်း (Surgery)

အသုံးအများဆုံး ကုသမှု နည်းလမ်းဖြစ်သည်။ ခွဲစိတ်မှု အမျိုးအစားသည် ကင်ဆာ၏ နေရာ နှင့် အရွယ် ပေါ်တွင် မူတည်သည်။ ခွဲစိတ်မှုတွင် ကင်ဆာရောဂါ အနာ နှင့် ၎င်း ပတ်ဝန်းကျင်ရှိ ပုံမှန်တစ်သျှူးများကို ဖယ်ထုတ်ရန် ရည်ရွယ်သည်။

တစ်ခါတစ်ရံ ခွဲစိတ်မှုတွင် ကင်ဆာ အားလုံးကို ထုတ်ပစ်ခြင်းဖြင့် ကင်ဆာကို ပျောက်ကင်းစေရန် ရည်ရွယ်သည်။ တစ်ခါတစ်ရံ ကင်ဆာသည် အဆင့် လွန်နေလျှင် ခွဲစိတ်မှုသည် ရောဂါလက္ခဏာကို သက်သာစေရန် ရည်ရွယ်သည်။ ခွဲစိတ်မှုအားလုံးကို မေ့ဆေးပေးပြီးသာ ပြုလုပ်သည်။

တစ်ခါတစ်ရံ အချို့ ပါးစပ်ထဲရှိ သေးငယ်သော ကင်ဆာလေးများကို လေဆာ ခွဲစိတ်မှုဖြင့် ဖယ်ရှားပစ်လေ့ရှိသည်။ ဖိုတိုဒိုင်းနမစ် ကုသမှု (photodynamic therapy –PDT) တွင် ကင်ဆာဆဲလ်များကို ဖျက်ဆီးရန်အတွက် အလင်းကို သိရှိခံစားလွယ်သော ဆေးဝါးကို စွမ်းအားနိမ့် လေဆာရောင်ခြည်များဖြင့် ပေါင်းစပ် အသုံးပြုသည်။

တစ်ခါတစ်ရံ မိုး ခွဲစိတ်မှု (Mohs’ surgery) ဟုခေါ်သော အထူးခွဲစိတ်မှုအမျိုးအစားကို နှုတ်ခမ်းပေါ်ရှိ ကင်ဆာများအတွက် အသုံးပြုသည်။ ဤခွဲစိတ်မှုတွင် ခွဲစိတ်ဆရာဝန်က ကင်ဆာအလွှာပါးလေးကို ဖယ်ထုတ်ပြီး ဖယ်ထုတ်ထားသော အပိုင်းကို ခွဲစိတ်နေစဉ်အတွင်း အနုကြည့်မှန်ဘီလူးအောက်တွင် ကြည့်ရှုစစ်ဆေးသည်။ ဤနည်းလမ်းသည် ကင်ဆာ ဆဲလ်များအားလုံကို ဖယ်ထုတ်ရန် နှင့် ပုံမှန် အသားအနည်းငယ် ပါရန် သေချာစေသည်။

ဓါတ်ရောင်ခြည်ဖြင့် ကုသခြင်း (Radiotherapy)

ဓါတ်ရောင်ခြည်ဖြင့် ကုသခြင်းဆိုသည်မှာ စွမ်းအင်ပမာဏ မြင့်မားသော ဓါတ်ရောင်ခြည်တန်းများကို ကင်ဆာ တစ်သျှူးများအပေါ်သို့ စူးစိုက်ပစ်လွှတ်သော ကုသမှုတစ်မျိုးဖြစ်သည်။ ထိုသို့လုပ်ခြင်းဖြင့် ကင်ဆာ ဆဲလ်များကို သေစေသည် (သို့) ပွားများခြင်းကို တန့်စေသည်။

ခံတွင်းကင်ဆာ အတွက် ဓါတ်ရောင်ခြည် ကုသမှု နှစ်မျိုးကို အသုံးပြုသည်။

၁) အပြင်မှ ဓါတ်ရောင်ခြည်ပေးခြင်း (external radiotherapy) - စက်တစ်ခုမှ ထွက်လာသော ဓါတ်ရောင်ခြည်များကို ကင်ဆာဆဲလ်များအပေါ်သို့ ချိန်ထိုးလိုက်ခြင်းဖြစ်သည်။ (ဤနည်းလမ်းကို ကင်ဆာရောဂါအမျိုးအစား အတော်များများ ကုသမှုတွင် သုံးသည်။)

၂) အတွင်းမှ ဓါတ်ရောင်ခြည် ပေးခြင်း (internal radiotherapy or brachytherapy) - ဤကုသမှုတွင် သေးငယ်သော ရေဒီယို သတ္တိကြွ ဝိုင်ယာလေးများကို ကင်ဆာဘေးကပ်လျက် အချိန် ခဏမျှ ထားကာ ပြန်ဖယ်ရှားခြင်း ဖြစ်သည်။

ကင်ဆာဆေးသွင်းကုသခြင်း (Chemotherapy)

ကင်ဆာဆေးသွင်းကုသခြင်းဆိုသည်မှာ ကင်ဆာဆဲလ်များကို သတ်သော (သို့) ကင်ဆာဆဲလ်များ ပွားများခြင်းကို တားဆီးသော ကင်ဆာ ဆန့်ကျင်ဆေးများဖြင့် ကုသခြင်းဖြစ်သည်။ ကင်ဆာ ဆေးသွင်းကုသခြင်းကို ဓါတ်ရောင်ခြည်ကုထုံး (သို့) ခွဲစိတ်မှု နှင့် တွဲ၍ အသုံးပြုလေ့ရှိသည်။ ထို့ပြင် ခန္ဓာကိုယ်ရှိ အခြားနေရာများသို့ ကင်ဆာဆဲလ်များ ပျံ့နှံ့ရောက်ရှိသွားပါက ကင်ဆာဆေးသွင်း၍ ကုသလေ့ရှိသည်။

 

ခံတွင်းကင်ဆာရဲ့ ရလဒ်က ဘယ်လို ရှိသလဲ?

          ခံတွင်းကင်ဆာကို အဆင့်စောစောအချိန်တွင် ခွဲစိတ်ကုသ၍ ထုတ်ပစ်နိုင်လျှင် ပျောက်ရန် အခွင့်အလမ်းများသည်။ သို့သော် ခံတွင်းကင်ဆာသည် ပျံ့နှံ့ပြီးချိန်ရောက်မှသာ သိရှိပါက ပျောက်ကင်းအောင် ကုသနိုင်ရန်မှာ နည်းပါးသည်။

          ကင်ဆာရောဂါကုသမှုသည် ဆေးပညာနယ်ပယ်၏ တိုးတက်နေသောနေရာဖြစ်သည်။ ကုသမှု အသစ်များသည် ဆက်လက်ထွက်ပေါ်နေပြီး အထက်တွင် ဖော်ပြထားမှုများသည် အလွန်ယေဘုယျ ဆန်သည်။ ရောဂါအကြောင်းကို သေချာသိသော အထူးကုဆရာဝန်က ကင်ဆာရောဂါ၏ ရလဒ်၊ ကင်ဆာရောဂါ၏ အမျိုးအစား နှင့် အဆင့်အရ ကုသမှုကို မည်သို့တုန့်ပြန်မည် စသည့် အတိအကျ အချက်အလက်များကို ရှင်းပြပေးနိုင်ပေလိမ့်မည်။

No comments:

Powered by Blogger.