မမျိုးဥအိမ်ကင်ဆာ

 Ovarian Cancer Signs, Symptoms, and Diagnosis | Saint John's Cancer  Institute - Santa Monica, CA

မမျိုးဥအိမ် ကင်ဆာ အများစုသည် အသက်ကြီးသော အမျိုးသမီးများတွင် ဖြစ်ပွားသည်။ဖြစ်ပွားရသော အကြောင်းကို သေချာ မသိသေးပေ။ အချို့ မမျိုးဥအိမ် ကင်ဆာများသည် ကုသ ပျောက်ကင်း နိုင်သည်။ ယေဘုယျအားဖြင့် ကင်ဆာ အဆင့်မြင့်လေလေ ကုသပျောက်ကင်းနိုင်ချေ နည်း လေလေ ဖြစ်သည်။ သို့သော် ကုသမှုများဖြင့် ရောဂါ ဆိုးရွားလာခြင်းကို နှေးစေနိုင်သည်။ အချို့ အမျိုးသမီးများအနေဖြင့် မ မျိုးဥ ကင်ဆာ မိသားစု ဆွေမျိုးထဲတွင် ဖြစ်ပွားမှု ရှိပါက ပုံမှန် စမ်းသပ် စစ်ဆေးခြင်း ဖြင့် အကျိုးရှိနိုင်သည်။

မမျိုးဥအိမ်ဆိုတာ ဘာလဲ?

အမျိုးသမီးများတွင် မမျိုးဥအိမ် နှစ်လုံး ရှိသည်။ တစ်လုံးစီသည် သားအိမ် တဘက်တချက်၊ တင်ပဆုံအတွင်းတွင် ရှိသည်။ မမျိုးဥအိမ်များသည် သေးငယ်ကာ လုံးဝန်းပြီး သစ်ကြားသီး အရွယ်မျှ ရှိသည်။ မမျိုးဥအိမ်များသည် မမျိုးဥများကို ထုတ်လုပ်သည်။ အရွယ်ရောက်သော အမျိုးသမီးများတွင် လစဉ် မမျိုးဥတစ်လုံးကို မမျိုးဥအိမ်မှ ထုတ်လွှတ်ပေးသည်။ ထိုဖြစ်စဉ်ကို မမျိုးဥထုတ်ခြင်း (ovulation) ဟု ခေါ်သည်။ မမျိုးဥသည် ပြွန်ငယ်မှ တစ်ဆင့် သားအိမ်သို့ ရောက်ရှိပြီး သုတ်ကောင်နှင့် တွေ့ကာ သန္ဓေအောင်ခြင်းကို ဖြစ်စေသည်။

မမျိုးဥများသည် အဓိကအမျိုးသမီး ဟော်မုန်းများ ဖြစ်သော အီစရိုဂျင် (oestrogen) နှင့် ပရိုဂျက်စတုန်း (progesterone) ကိုလည်း ထုတ်လုပ်ပေးသည်။ ထိုဟော်မုန်းများသည် သွေးစီးကြောင်းမှတဆင့် ခန္ဓာကိုယ်အနှံ့ရောက်ရှိကာ ခန္ဓာကိုယ်အစိတ်အပိုင်း အသီးသီးအပေါ်တွင် သက်ရောက်မှုရှိကာ ထိုအထဲတွင် ဓမ္မတာ စက်ဝန်း ဖြစ်စဉ်ကို ထိန်းချုပ်ခြင်းလည်း ပါဝင်သည်။

 

ကင္ဆာ ဆိုတာ ဘာလဲ?


ကင်ဆာ ဆိုသည်မှာ ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များ၏ ရောဂါတစ်ခုဖြစ်သည်။ ခန္ဓာကိုယ်ကို သေးငယ်သော ဆဲလ် သန်းပေါင်းများစွာဖြင့် ဖွဲ့စည်ထားသည်။ ခန္ဓာကိုယ်တွင် ကွဲပြားသော ဆဲလ်အမျိုးအစား များစွာ ရှိပြီး အဆိုပါ ဆဲလ်အမျိုးအစားပေါင်းများစွာမှ ကင်ဆာအမျိုးအစားပေါင်းများစွာ ဖြစ်လာသည်။ ကင်ဆာ အမျိုးအစားအားလုံးတွင် တူညီသည်မှာ ကင်ဆာဆဲလ်များသည် ပုံမှန် မဟုတ်ဘဲ အထိန်းအချုပ် မရှိ ပွားများကြသည်။

ကင်ဆာသည် ကင်ဆာဆဲလ်များ ဆက်လက် ပြန့်ပွားနေသော တစ်သျှူးအစုအဝေး တစ်ခုဖြစ်သည်။ ကင်ဆာ သည် ဆက်လက် ကြီးထွားလာနေစဉ်အတွင်း အနီးနားရှိ တစ်သျှူးများ နှင့် အင်္ဂါများကို ထိုးဖောက်ဝင်ရောက်ကာ ပျက်စီးမှုကို ဖြစ်စေသည်။ ထို့ပြင် ကင်ဆာ များသည် ခန္ဓာကိုယ်ရှိ အခြားအစိတ်အပိုင်းများထံသို့လည်း ပျံ့နှံ့နိုင်သည်။ ထိုအခြေအနေမျိုးသည် ကင်ဆာတစ်သျှူးမှ ဆဲလ်အချို့ ပြုတ်ထွက်ကာ သွေးကြော (သို့) သားငံရည်ကြောများမှတဆင့် ခန္ဓာကိုယ်ရှိ အခြားနေရာများသို့ ရောက်ရှိသောအခါ ဖြစ်နိုင်သည်။ ထိုရောက်ရှိသောနေရာသို့ ရောက်ရှိသော ကင်ဆာဆဲလ်အနည်းငယ်သည် ပျံ့ပွားခြင်းအားဖြင့် ကင်ဆာပျံ့နှံ့ခြင်း ဖြစ်လာသည်။ ထိုပျံ့နှံ့သော ကင်ဆာ ကျိတ်သည်လည်း ကြီးထွားလာပြီး အနီးနားရှိ တစ်သျှူးများသို့ ထိုးဖောက်ဝင်ရောက်ကာ ပျံ့နှံ့ခြင်းကို ထပ်ဖြစ်စေနိုင်သည်။

အချို့ကင်ဆာများသည် အခြားကင်ဆာများထက် ပိုပြင်းထန်သည်။ အချို့ကင်ဆာများသည် အခြားကင်ဆာများထက် (စောစီးစွာ သိလျှင်) ကုသရ ပိုလွယ်သည်။ အချို့ ကင်ဆာများသည် အခြားကင်ဆာများထက် ရလဒ် ပိုကောင်းသည်။ ထို့ကြောင့် ကင်ဆာသည် အခြေအနေတစ်မျိုးတည်းကို မဆိုလိုချေ။ ကင်ဆာတိုင်းတွင် မည်သည့်ကင်ဆာ အမျိုးအစားဖြစ်ပေါ်လာသည်၊ အရွယ်မည်မျှ ကြီးသည် နှင့် မည်မျှအထိ ပျံ့နှံ့နေသည်တို့ကို အတိအကျ သိရန် အရေးကြီးသည်။ ထိုသို သိခြင်းဖြင့် ကုသမှု ဆိုင်ရာ နည်းလမ်း များနှင့် ရလဒ်တို့အပေါ် စိတ်ချနိုင်သော အချက်အလက်များ ရရှိနိုင်ပေသည်။

 

မမျိုးဥအိမ် ကင်ဆာဆိုတာ ဘာလဲ? ဘယ်လောက်အတွေ့ရများသလဲ?

မမျိုးဥအိမ် ကင်ဆာသည် အမျိုးသမီးများတွင် ၆ခုမြောက် အဖြစ်အများဆုံး ဖြစ်သည်။ အမျိုးသမီးငယ်များတွင် ဖြစ်ပွားနိုင်သော်လည်း အများစုသည် အသက် ၅၀ ကျော် အမျိုးသမီးများတွင် အဖြစ်များသည်။ မမျိုးဥအိမ် ကင်ဆာ တစ်ဝက်ကျော်ခန့်သည် အသက် ၆၅ ကျော် အမျိုးသမီးများတွင် ဖြစ်ပွားသည်။ မမျိုးဥအိမ် ကင်ဆာအမျိုးအစား အမျိုးမျိုး ဖြစ်သည်။ စတင် ဖြစ်ပွားသော ဆဲလ်အမျိုးအစားပေါ်မူတည်၍ ၎င်းတို့ကို အမျိုးအစား ခွဲထားသည်။

          အကာလွှာ ဆဲလ် မမျိုးဥအိမ် ကင်ဆာ (epithelial ovarian cancer) - အဖြစ်အများဆုံးဖြစ်ပြီး ကင်ဆာ ဖြစ်ပွားသူ ဆယ်ယောက်တွင် ကိုးယောက်တွေ့ရသည်။ အဆိုပါ ကင်ဆာသည် မမျိုးဥတစ်လုံးစီ၏ အပြင်ဘက်အလွာတွင် ဝန်းရံကာထားသော ဆဲလ်များမှ စတင် ဖြစ်ပေါ်လာသည်။ ထိုကင်ဆာသည် သွေးဆုံးသော အမျိုးသမီးများ - အများအားဖြင့် အသက် ၅၀ ကျော်အမျိုးသမီးများတွင် ဖြစ်ပွားသည်။ အမျိုးသမီးငယ်များတွင် အတွေ့ရနည်းသည်။ ကင်ဆာ ဖြစ်ပွားသော ဆဲလ် တစ်မျိုးစီအပေါ်တွင် မူတည်၍ အမျိုးအစားငယ်များ ပြန်ခွဲနိုင်သည်။

          မျိုးဥဆဲလ် မမျိုးဥအိမ် ကင်ဆာ (Germ cell ovarian cancer) - မျိုးဥဆဲလ်များမှ စတင်ဖြစ်ပေါ်လာသည်။ ကင်ဆာ ဖြစ်ပွားသူ ၂၀ တွင် တစ်ယောက်ခန့် တွေ့ရသည်။ ငယ်သော အမျိုးသမီးများတွင် တွေ့ရသည်။ ဖြစ်ပွားသော ဆဲလ်အမျိုးအစားပေါ်မူတည်၍ အမျိုးအစားငယ်များ ပြန်ခွဲနိုင်သည်။ ဤကင်ဆာ အများစုသည် အဆင့်မြင့်နေလျှင်တောင်မှ ကုသမှုကို ကောင်းကောင်းတုန့်ပြန်ကာ ကုသပျောက်ကင်းနိုင်သည်။

          စတိုမယ် မမျိုးဥအိမ် ကင်ဆာ (Stromal ovarian cancer) - ခံထောက်ပေးသော တစ်သျှူးများမှ ဖြစ်လာသည်။ အဆိုပါ တစ်သျှူးဆဲလ်များသည် ပုံမှန်အားဖြင့် မမျိုးဥအိမ်ကို ပြည့်နေပြီး ဟော်မုန်းများကို ထုတ်လုပ်ပေးသည်။ သို့သော် အတွေ့ရနည်းသည်။

ကုသမှု ရလဒ်များသည် ဖြစ်ပွားသော မမျိုးဥအိမ် ကင်ဆာ အမျိုးအစားပေါ်တွင် မူတည်သည်။

အောက်တွင် ဆက်လက် ဖော်ပြမည်မှာ အဖြစ်အများဆုံးသော အကာလွှာဆဲလ် မမျိုးဥအိမ် ကင်ဆာ အကြောင်း ဖြစ်သည်။

 

ဘာက မမျိုးဥအိမ်ကင်ဆာကို ဖြစ်စေသလဲ?

ကင်ဆာသည် ပုံမှန် မဟုတ်သည့် ဆဲလ်တစ်ခုမှ စတင်ဖြစ်ပေါ်သည်။ အဘယ်ကြောင့် ထိုဆဲလ်သည် ကင်ဆာ ဖြစ်စေရသနည်းကို သေချာစွာ မသိသေးချေ။ ဆဲလ်အတွင်း ရှိ မျိိုးရိုးဗီဇများကို တစ်စုံတစ်ခုက ပြောင်းလဲခြင်း၊ ထိခိုက်ခြင်း ဖြစ်စေသည်ဟု ယူဆကြသည်။ ထိုအရာက ဆဲလ်ကို ပုံမမှန် ဖြစ်စေပြီး အထိန်းအချုပ်မဲ့ ပွားများစေသည်။

အများစုတွင် မမျိုးဥအိမ် ကင်ဆာ ဖြစ်ပွားရသော အကြောင်းရင်းကို မသိပေ။ သို့သော် မမျိုးဥအိမ် ကင်ဆာ ဖြစ်ပွားမှုကို မြင့်နိုင်ချေ ရှိသော အချက်များရှိသည်။

          - အသက် --- ငါးဆယ်ကျော် အမျိုးသမီးများတွင် အများဆုံးဖြစ်ပွားသည်။

          - မျိုးဥထုတ်ခြင်း အကြောင်းအရာ - အမျိုးသမီးတစ်ယောက်သည် မျိုးဥထုတ်လွှတ်သော အကြိမ်ရေနည်းလျှင် မျိုးဥအိမ်ကင်ဆာ ဖြစ်နိုင်နှုန်းကို အနည်းငယ်ကျစေသည်။ ဥပမာအားဖြင့် တားဆေး သောက်ခြင်း၊ ကလေးမွေးခြင်း၊ ကလေးနို့တိုက်ခြင်း။ နှိုင်းယှဉ်ပြရလျှင် ကလေးမမွေးခြင်း၊ သွေးဆုံး နောက်ကျ ခြင်းသည် မမျိုးဥအိမ် ကင်ဆာ ဖြစ်ပွားနိုင်ချေကို မြင့်စေသည်။

          - အဝလွန်ခြင်း

          - ဟော်မုန်းဖြည့်စွက် ကုသမှုကို ခံယူခြင်းသည် မမျိုးဥအိမ် ကင်ဆာ ဖြစ်ပွားနိုင်ချေကို အနည်းငယ် မြင့်စေသည်။

          - အင်ဒို မက်ထရီရိုးဆစ် (endometriosis) ဟုခေါ်သော သားအိမ် အတွင်းနံရံများ နေရာမှား ဖြစ်ပေါ်နေခြင်းသည်လည်း ဖြစ်ပွားနိုင်ချေကို အနည်းငယ်မြင့်စေသည်။

          - သားကြောဖြတ်ခြင်း၊ သားအိမ်ထုတ်ခြင်းသည် မမျိုးဥအိမ် ကင်ဆာ ဖြစ်ပွားနိုင်မှုကို အနည်းငယ်လျော့ချပေးနိုင်သည်။

          - မျိုးရိုးလိုက်ခြင်း

 

မိသားစု မျိုးရိုးရှိခြင်း နှင့် မျိုးရိုး ဗီဇ စစ်ဆေး စမ်းသပ်ခြင်း

မမျိုးဥအိမ်ကင်ဆာ အများစုသည် မျိုးရိုးဗီဇ ဆက်ခံရရှိခြင်းကြောင့် မဟုတ်ပေ။ အနည်းငယ်ခန့်တွင် မှားယွင်းသော မျိုးရိုး ဗီဇကြောင့် ဖြစ်ပြီး မမျိုးဥအိမ် ကင်ဆာ နှင့် ရင်သားကင်ဆာတို့ကို ဖြစ်စေသည်။ မိသားစုမျိုးရိုးလိုက်ခြင်း ခိုင်ခိုင်မာမာ ရှိပါက အချို့သော အမျိုးသမီးများတွင် မျိုးရိုးဗီဇ စစ်ဆေးခြင်းကို ပြုလုပ်သည်။ အဖြစ်အများဆုံးသော မျိုးရိုးဗီဇမှာ BRCA1 (ဘရာကာ ဝမ်း) နှင့် BRCA2 ( ဘရာကာ တူး) ဖြစ်သည်။ ဥပမာအားဖြင့် မိသားစုဆွေမျိုးများထဲတွင် အသက်ငယ်ငယ်နှင့် မမျိုးဥအိမ် ကင်ဆာ (သို့) ရင်သာ ကင်ဆာ  နှစ်ယောက်နှင့် အထက် ရှိဖူးပါက မျိုးရိုးဗီဇ စစ်ဆေးခြင်းဖြင့် အကျိုးရှိနိုင်သည်။ ထိုသို့ ဖြစ်ပါက အထွေထွေရောဂါကု ဆရာဝန်နှင့် တိုင်ပင်ကာ မျိုးရိုးဗီဇ စစ်ဆေးခြင်းအတွက် ပြန်လွှဲပို့သင့်သည်။

ထို့အပြင်  အမျိုးသမီးတစ်ယောက်သည် မိသားစုမျိုးရိုးလိုက်သောကြောင့် ရင်သားစစ်ဆေး စမ်းသပ်ခြင်း လုပ်ရပါက ထိုအမျိုးသမီးအနေဖြင့် အောက်တွင် ဖော်ပြထားသော မမျိုးဥကင်ဆာ လက္ခဏာများကို သတိထား စောင့်ကြည့်သင့်သည်။

 

မမျိုးဥအိမ်ကင်ဆာရဲ့ ရောဂါ လက္ခဏာတွေက ဘာတွေလဲ?

ကင်ဆာ အများစုသည် အများအားဖြင့် ဖြည်းဖြည်းချင်း ကြီးထွားလာပြီး အစပိုင်းတွင် မည်သည့်လက္ခဏာမျှ မပြချေ။ လက္ခဏာများသည် ကင်ဆာ တော်တော် ကြီးလာချိန်မှသာ တွေ့ကြုံခံစားလာရသည်။ ကင်ဆာ ကြီးလာသည်နှင့် အမျှ အောက်ပါ အစောပိုင်းလက္ခဏာများကို တွေ့ကြံုခံစားလာရနိုင်သည်။

          - တင်ပဆုံတွင်း ဆက်တိုက်နာနေခြင်း၊ တစ်ခုခု ဆွဲထားသလို ခံစားရခြင်း

          - ဗိုက်ထဲတွင် လေပွသလို ခံစားရခြင်း ။ အကြောင်းမှာ ဗိုက်ထဲတွင် မမျိုးဥအိမ်ကင်ဆာ ကြီးလာသောကြောင့် ဖြစ်သည်။

          - အစာ စားရခက်ခဲခြင်း။ မြန်မြန် ဗိုက်ပြည့်ခြင်း

 

ဖြစ်ပေါ်လာနိုင်သော အခြား လက္ခဏာများမှာ -

          - အစာ စားချင်စိတ်ပျက်ခြင်း

          - ကိုယ်အလေးချိန် ကျခြင်း

          - ခါးနာခြင်း

          - လိင်ဆက်ဆံစဉ် ဝမ်းဗိုက်အောက်ပိုင်းတွင် နာကျင်ခြင်း

          - ဆီးမကြာခဏ သွားခြင်း

          - ဝမ်းသွားသော ပုံသဏ္ဍာန်ပြောင်းခြင်း (ဝမ်းချုပ်ခြင်း၊ ဝမ်းသွားများခြင်း)

          - ဝမ်းဗိုက်ပိုဖောင်းလာခြင်း။ ကင်ဆာ ပျံ့နှံ့ ကြီးထွားလာပြီး ဗိုက်ထဲတွင် အရည်စုခြင်းကြောင့် ဖြစ်လာနိုင်ချေ ရှိသည်။

အထက်ဖော်ပြပါ လက္ခဏာများသည် အခြားရောဂါအခြေအနေများကြောင့်လည်း ဖြစ်နိုင်သည်။ ပထမဆုံး ရောဂါလက္ခဏာများသည် အစပိုင်းတွင် မသဲကွဲပေ။ ထိုလက္ခဏာမှာ အခြားအခြေအနေကြောင့် ဖြစ်သည်ဟု ထင်ရသည်။ အချိန်နည်းနည်းကြာပြီး ဆိုးရွားလာမှသာ မမျိုးဥအိမ် ကင်ဆာကြောင့် ဖြစ်သည်ဟု စဉ်းစားကြသည်။

မမျိုးဥအိမ် ကင်ဆာနှင့် အမှားနိုင်ဆုံး ရောဂါ တစ်ခုမှာ အူလမ်းကြောင်း အလွန်အမင်းတုန့်ပြန်မှု လက္ခဏာစု (irritable bowel syndrome) ဖြစ်သည်။ သို့သော် ထိုရောဂါသည် အသက် ၅၀ကျော် အမျိုးသမီးများတွင် စဖြစ်ခြင်း အတွေ့ရနည်းသည်။

ကင်ဆာသည် အခြားနေရာများသို့ ပျံ့နှံ့သွားပါက အခြားရောဂါလက္ခဏာများလည်း ဖြစ်ပေါ်လာနိုင်သည်။

 

မမျိုးဥအိမ်ကင်ဆာကို ဘယ်လို သိရှိနိုင်မလဲ?

ဦးစွာစမ်းသပ် စစ်ဆေးမှုများ

မမျိုးဥအိမ် ကင်ဆာ ဖြစ်သည်ကို သေချာစေရန် အောက်ပါစစ်ဆေးစမ်းသပ်မှုများကို လုပ်ဆောင်သည်။

          - ဆရာဝန်မှ စမ်းသပ်စစ်ဆေးခြင်း - ကြီးနေသော မမျိုးဥ (သို့) အခြား ပုံသဏ္ဍာန် မမှန်မှု တစ်ခုခုကို စမ်းသပ်တွေ့ရှိနိုင်သည်။

          - အာထရာဆောင်း ဖြင့် စစ်ဆေးခြင်း --- အာထရာဆောင်းသည် အန္တရာယ် ကင်း၊ နာကျင်မှု ကင်းသော စစ်ဆေးမှု ဖြစ်ပြီး အသံလှိုင်းကို အသုံးပြုကာ ခန္ဓာကိုယ်အတွင်းရှိ အင်္ဂါများ၏ ပုံရိပ်များကို ဖော်ထုတ်ပေးသည်။ မမျိုးဥအိမ်များ၏ ပုံရိပ်ကို ဖော်ရန် အာထရာဆောင်းလက်တံကို ဝမ်းဗိုက်အောက်နားတွင် ထား၍ ကြည့်ရှုသည်။ ပိုမိုထင်ရှားသော ပုံရိပ်ကို ရရန်အတွက်မူ ယောနိလမ်းကြောင်းအတွင်း လက်တံအသေးစားကို ထည့်၍ ကြည့်ရှုနိုင်သည်။

          - သွေးစစ်ဆေးမှု - သွေးနမူနာ အနည်းငယ်ယူ၍ CA 125 ဟုခေါ်သော ပရိုတင်းတစ်မျိုးကို စစ်ဆေးသည်။ အဆိုပါ ပရိုတင်းသည် ကင်ဆာ အဆင့်မြင့်သော အမျိုးသမီးများ၁၀ ယောက်တွင် ၈ယောက်၊ အဆင့်စောသော အမျိုးသမီး တဝက်ကျော်ကျော်တွင် များနေသည်။ အခြားကင်ဆာမဟုတ်သော အခြေအနေများသည်လည်း အဆိုပါ ပရိုတင်းများခြင်း ဖြစ်နေတတ်သည်။ ဆိုလိုသည်မှာ အဆိုပါ CA 125 များခြင်းသည် ကင်ဆာ ဖြစ်၊မဖြစ် မပြောနိုင်သော်လည်း အကူအညီပေးသော စမ်းသပ်စစ်ဆေးမှုအဖြစ် မှတ်ယူနိုင်သည်။ ထို့ပြင် မမျိုးဥအိမ်ကင်ဆာ ကုသမှု၏ ထိရောက်မှုအနေဖြင့် ဤစစ်ဆေးမှုကို အသုံးပြုသည်။

နောက်ထပ် စစ်ဆေးမှုများ

ရှေးဦး စစ်ဆေးမှုများ၏ အဖြေ နှင့် ရောဂါလက္ခဏာများပေါ်တွင် မူတည်၍ အခြားစစ်ဆေးစမ်းသပ်မှုများကို ထပ်လုပ်ရန် အကြံပြုပေလိမ့်မည်။ အဆိုပါ စစ်ဆေးမှုများသည် ရောဂါ၏ အဆင့်နှင့် အခြေအနေကို သေချာစေရန် ကူညီပေးနိုင်သည်။ ကင်ဆာအဆင့်သတ်မှတ်ခြင်း၏ ရည်မှန်းချက်မှာ

-ကင်ဆာသည် မည်မျှ ကြီးထွားသည်ကို ရှာဖွေရန်။

-ချိုင်းကြားအတွင်းရှိ ပြန်ရည်ကျိတ်များသို့ ကင်ဆာ ပျံ့နှံ့သွားသည်ကို ရှာဖွေရန်။

-ခန္ဓာကိုယ်ရှိ အခြားနေရာများသို့ ကင်ဆာတဆင့် ပျံ့နှံ့သွားသည်ကို ရှာဖွေရန် တို့ ဖြစ်သည်။

မမျိုးဥအိမ်ကင်ဆာ၏ အဆင့်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

          အဆင့် တစ် - မမျိုးဥအိမ်တွင်သာ ကင်ဆာ ဖြစ်သည်။

          အဆင့် နှစ် - ကင်ဆာသည် မမျိုးဥအိမ်  အပြင်ဘက်သို့ ပျံ့သွားကာ တင်ပဆုံတွင်းတွင် ရှိနေသည်။

          အဆင့် သုံး - ကင်ဆာသည် တင်ပဆုံပိုင်း အပြင်ဘက်သို့ ထွက်လာသော်လည်း ခန္ဓာကိုယ် အခြားနေရာများသို့ မပျံ့နှံ့သေးချေ။

          အဆင့် လေး - အဆုတ်၊ အသည်း စသော အခြားခန္ဓာကိုယ် အစိတ်အပိုင်းများသို့ ပျံ့နှံ့သွားသည်။အသုံးပြုသော စစ်ဆေးမှုများတွင် အောက်ပါတို့ တစ်ခုခု ပါရှိနိုင်သည်။

          - ဝမ်းဗိုက်အောက်ပိုင်းကို ကွန်ပျူတာ ဓါတ်မှန် ရိုက်ခြင်း - ထိုသို့ လုပ်ခြင်းဖြင့် တင်ပဆုံတွင်းရှိ အစိတ်အပိုင်းများ အခြေအနေကို အသေးစိတ် သိနိုင်သည်။

          - ရင်ဘတ်ဓါတ်မှန် ရိုက်ခြင်း - ကင်ဆာ အဆုတ်သို့ ပျံ့ ၊ မပျံ့ သိရှိရန် ။

          - သွေးစစ်မှုများ - အထွေထွေ ကျန်းမာရေး အခြေအနေ နှင့် ကင်ဆာသည် အသည်းနှင့် ကျောက်ကပ်သို့ ပျံ့၊ မပျံ့ သိရှိရန်။ အသက် ၄၀ အောက် ဖြစ်ပါက အခြား ရှားပါးသော မမျိုးဥ အိမ်ကင်ဆာ များကို သိရန် အခြား စစ်ဆေးမှုများကိုလည်း လုပ်ရသည်။

          - ဗိုက်မှ အရည်ကို ထုတ်၍ စစ်ဆေးခြင်း - ဗိုက်ထဲ၍ အရည်များ စု၍ ဖောင်းနေပါက အရည် နမူနာကို ထုတ်ယူကာ စစ်ဆေးနိုင်သည်။ ဝမ်းဗိုက်အရေပြားကို ထုံဆေးထိုးကာ အပ်ဖြင့်ဖောက်ပြီး အရည် အနည်းငယ်ကို ထုတ်ယူသည်။ ထိုအရည်ကို အနုကြည့် မှန်ဘီလူးအောက်တွင် ကင်ဆာ ဆဲလ် ရှိ၊ မရှိ စစ်ဆေး သည်။

          - ဝမ်းဗိုက်ထဲတွင် အရည်မရှိလျှင်တောင်မှ အာထရာဆောင်း (သို့) ကွန်ပျူတာ ဓါတ်မှန် အကူအညီဖြင့် ဆဲလ်များ ရရှိအောင် ဆောင်ရွက်နိုင်သည်။

          - ဝမ်းဗိုက်တွင်း မှန်ပြောင်းငယ်ဖြင့် ကြည့်ရှုခြင်း - ဝမ်းခေါင်းအတွင်းကြည့် မှန်ပြောင်းငယ်ကို အသုံးပြုကာ ဝမ်းဗိုက်ကို ကြည့်ရှု စစ်ဆေးသည်။ ဝမ်းဗိုက်အတွင်း အင်္ဂါများကို အလင်းရောင်အောက်တွင် အဆချဲ့ ကြည့်ရှုသည်။ များသောအားဖြင့် မေ့ဆေးသုံး၍ လုပ်ရသည်။ ထို့ပြင် အသားစငယ်များ ထုတ်ယူကာ အနုကြည့် မှန်ဘီလူးအောက်တွင် ကင်ဆာဆဲလ် ရှိ၊ မရှိ ကြည့်ရှု စစ်ဆေးရသည်။

ထိုစစ်ဆေးမှုများ လုပ်ပြီးလျှင်တောင်မှ တစ်ချို့ လူနာများတွင် ခွဲစိတ်ပြီးမှသာ ကင်ဆာအဆင့်ကို သေချာ သိရှိနိုင်သည်။

 

မမျိုးဥအိမ်ကင်ဆာ အတွက် ကုသမှု နည်းလမ်းတွေက ဘာတွေလဲ?

စဉ်းစားနိုင်သော ကုသမှုနည်းလမ်းများတွင် ခွဲစိတ်ခြင်း၊ ကင်ဆာ ဆေးသွင်းကုသခြင်း ၊ တစ်ခါတစ်ရံ ဓါတ်ရောင်ခြည်ဖြင့် ကုသခြင်း တို့ ပါဝင်သည်။ ကုသမှုနည်းလမ်း တစ်ခုထက် ပိုသုံးနိုင်သည်။ ကုသမှုနည်းလမ်းကို ရွးချယ်ရာတွင် ကင်ဆာအဆင့်၊ ကင်ဆာ အမျိုးအစား နှင့် အထွေထွေ ကျန်းမာရေးအခြေအနေတို့ကိုလည်း ထည့်သွင်း စဉ်းစားရန် လိုသည်။


လူနာသည် မိမိ ရောဂါအကြောင်းကို သေချာသိသော အထူးကုဆရာဝန်နှင့် သေချာဆွေးနွေးရမည်။ ဆရာဝန်က လူနာကို ၎င်းဖြစ်ပွားနေသော ကင်ဆာနှင့် ပတ်သက်၍ ကောင်းကျိုး ၊ဆိုးကျိုးများ (ဥပမာ - ခွဲစိတ် မှု အောင်မြင်နိုင်နှုန်း၊ ဖြစ်နိုင်သော ဘေးထွက်ဆိုးကျိုး၊ အခြားဖြစ်နိုင်သော ကုသမှု နည်းလမ်း အမျိုး မျိုး) ကို ရှင်းပြပေလိမ့်မည်။

လူနာကိုယ်တိုင်က သူ၏ အထူးကုဆရာဝန်နှင့် ကုသမှု၏ ရည်ရွယ်ချက်ကို ဆွေးနွေးသင့်သည်။ ဥပမာ -

- ကုသမှုသည် ပျောက်ကင်းစေရန်အတွက် ရည်ရွယ်သည်။ အချို့ မမျိုးဥကင်ဆာများမှာ အဆင့်ငယ်တုန်း စောစီးစွာ ကုသလျှင် ပျောက်ကင်းနိုင်ပေသည်။

- ကုသမှုသည် ကင်ဆာရောဂါကို ထိန်းချုပ်ရန် ရည်ရွယ်သည်။ ကုသမှုသည် ပျောက်ကင်းရန် မရည်ရွယ်လျှင် ကင်ဆာရောဂါနှေးနှေးသာ တိုးတက်ရန် ကြီးထွားမှု ၊ ပျံ့နှံ့မှု နှုန်းကို တားဆီးနိုင်ရန်ဖြစ်သည်။ ထိုသို့ လုပ်ခြင်းဖြင့် ရောဂါဝေဒနာ ခံစားရမှုကို အချိန်အနည်းငယ် ကင်းဝေးစေသည်။

- ကုသမှုသည် ရောဂါလက္ခဏာများကို သက်သာစေရန် ရည်ရွယ်သည်။ ကုသပျောက်ကင်းရန် မဖြစ်နိုင်ပါက ကုသမှုသည် ကင်ဆာ အရွယ်အစားကို လျော့ချခြင်းဖြင့် နာကျင်ခြင်းကဲ့သို့သော ဝေဒနာများကို သက်သာစေသည်။ ကင်ဆာသည် အဆင့်လွန်နေပါက ရောဂါခံစားရသူအနေဖြင့် အစာ ဖြည့်စွက်မှုများ၊ အနာ သက်သာဆေးများ၊ ရောဂါဝေဒနာခံစားရမှုကို သက်သာရန် အခြားနည်းလမ်းများ လိုအပ်သည်။

 

ခွဲစိတ်ကုသခြင်း

အများစုသော မမျိုးဥအိမ် ကင်ဆာများတွင် ခွဲစိတ်ကုသရန် အကြံပေးလေ့ရှိသည်။ ကင်ဆာသည် အဆင့်စောသေးပါက ရောဂါဖြစ်သော မမျိုးဥ နှင့် တွဲလျက် ပြွန်ကိုသာ ထုတ်ရန် လိုအပ်သည်။ သို့သော် အများစုတွင် ကင်ဆာသည် အနီးနာရှိ အင်္ဂါများဆီသို့ ပျံ့နှံ့နှင့်ပြီး ဖြစ်ကာ ပိုကြီးသော ခွဲစိတ်မှုမျိုး လိုအပ်သည်။ ဥပမာအားဖြင့် ခွဲစိတ်မှုတွင် ရောဂါဖြစ်သော မမျိုးဥသာမက သားအိမ်၊ အခြားကောင်းသော မမျိုးဥ နှင့် ဝမ်းဗိုက်အောက်ပိုင်း ထိသော အင်္ဂါများ ဖယ်ထုတ်ရန် လိုအပ်လာနိုင်သည်။

ခွဲစိတ်နေစဉ်အတွင်း ခွဲစိတ်ဆရာဝန်သည် ဝမ်းဗိုက်အတွင်းနှင့် ပြန်ရည်ကျိတ်များဆီမှ အသားစ နမူနာ အနည်းငယ်ကို ယူသည်။ ထို့နောက် အနုကြည့် မှန်ဘီလူးအောက်တွင် ထိုအသားစငယ်များတွင် ကင်ဆာ ဆဲလ်  ရှိ၊ မရှိ စမ်းသပ်စစ်ဆေးသည်။ ထိုသို့လုပ်ခြင်းဖြင့် ကင်ဆာ ၏ အဆင့်ကို သေချာ သိနိုင်ကာ နောင်ကုသမှုအတွက်လည်း အထောက်အကူ ဖြစ်စေသည်။

ကင်ဆာ ဆေးသွင်း ကုသခြင်း

ကင်ဆာဆေးသွင်း ကုသခြင်း ဆိုသည်မှာ ကင်ဆာ ဆဲလ်များကို သတ်နိုင်သော (သို့) ၎င်းတို့ ပွားများခြင်းကို တားနိုင်သော ဆေးများဖြင့် ကင်ဆာကို ကုသခြင်း ဖြစ်သည်။ အချို့ မမျိုးဥကင်ဆာများတွင် ခွဲစိတ် စဉ်အတွင်းယူသော အသားစပေါ်မူတည်၍ ကင်ဆာ ပြန် ဖြစ်နိုင်၊ မနိုင် စစ်ဆေး စမ်းသပ်သည်။ ပြန်ဖြစ် နိုင်ချေ များပါက ကင်ဆာ ဆေးသွင်းကုသရန် အားပေးလေ့ရှိသည်။ အချို့အခြေအနေများတွင် မခွဲ စိတ်ခင် ခွဲစိတ်မှု ပိုမိုအောင်မြင်စေရန် ကင်ဆာဆေး အရင်သွင်း ကုသလေ့ရှိသည်။

ဓါတ်ရောင်ခြည်ဖြင့် ကုသခြင်း (Radiotherapy)

ဓါတ်ရောင်ခြည်ဖြင့် ကုသခြင်းဆိုသည်မှာ ကင်ဆာတစ်သျှူးမျာပေါ်သို့ စုစည်းထားသော စွမ်းအားမြင့် ဓါတ်ရောင်စဉ်တန်းများကို အသုံးပြုခြင်း ဖြစ်သည်။ ဤသို့ လုပ်ခြင်းက ကင်ဆာဆဲလ်များကို သတ်နိုင်သည်။ (သို့) ကင်ဆာဆဲလ်များ ပွားများခြင်းကို သတ်နိုင်သည်။ ဓါတ်ရောင်ခြည်ဖြင့် ကုသခြင်းကို မမျိုးဥ အိမ်ကင်ဆာများအတွက် အသုံးပြုလေ့မရှိပေ။ ခွဲစိတ်ပြီးနောက် ကင်ဆာဆဲလ်များ ကျန်နေလျှင် နှိမ်နင်းရန် အတွက် တစ်ခါတစ်ရံ အသုံးပြုသည်။ ဓါတ်ရောင်ခြည်ကုသခြင်းကို ခန္ဓာကိုယ်၏ အခြား နေရာများသို့ ရောက်ရှိသွားသော ပျံ့နှံ့ကင်ဆာများကြောင့် ဖြစ်သော နာကျင်ခြင်း၊ အခြား လက္ခဏာ များကို သက်သာစေရန်  ကင်ဆာကျုံ့စေခြင်းအတွက်လည်း အသုံးပြုသည်။

 

မမျိုးဥအိမ်ကင်ဆာရဲ့ ကုသမှု ရလဒ်က ဘယ်လို ရှိသလဲ?

မမျိုးဥအိမ် ကင်ဆာကို အဆင့်စောစော သိပြီး ကုသမှုကို ခံယူပါက ပျောက်ကင်းနိုင်ချေ ရှိသည်။ သို့သော် မကောင်းသည်မှာ မမျိုးဥအိမ် ကင်ဆာ အများစုသည် စောစောစီးစီး ရောဂါ မသိရချေ။ အကြောင်းမှာ ရောဂါ လက္ခဏာများသည် ကင်ဆာ အလွန်ကြီးထွားပြီး ပျံ့နှံ့လာသောအခါမှသာ ပေါ်ထွက်လာသည်။ ဤအခြေအနေတွင် ကုသပျောက်ကင်းနိုင်ရန် အခွင့်နည်းသည်။ ယေဘူယျအားဖြင့် ကင်ဆာ အဆင့်ပိုမြင့်လေလေ ပျောက်ကင်းအောင် ကုသနိုင်မှု ရာခိုင်နှုန်းနည်းလေလေ ဖြစ်သည်။ သို့သော် ကုသခြင်းများဖြင့် ရောဂါ၏ ပိုဆိုးလာမှုကို နှေးစေသည်။

ကင်ဆာဆေးသွင်းကုသခြင်းသည် မမျိုးဥအိမ်ကင်ဆာအတွက် အလွန်ထိရောက်ပြီး အများစုတွင် ဆေးစွမ်းကို တွေ့ရသည်။ သို့သော် လေးပုံ သုံးးပုံတွင် ကင်ဆာ ပြန်ဖြစ်လာနိုင်ချေရှိသည်။ နောက်တစ်ကြိမ် ပြန်ဖြစ်သော မမျိုးဥအိမ်ကင်ဆာများတွင်မူ အကျိုးအာနိသင် နည်းသွားသည်။ ပြန်ဖြစ်သော မမျိုးဥအိမ် ကင်ဆာများကို ကုရန် အတွက် ကင်ဆာဆေးများကို စမ်းသပ်ဆဲဖြစ်ကာ အားရကျေနပ်ဖွယ်တွေ့ရသည်။

လက်ရှိအချိန် ခြုံပြောရပါလျှင် မမျိုးဥအိမ်ကင်ဆာ ဖြစ်သော အမျိုးသမီး ၁၀၀ တွင် တစ်ဝက်ခန့်သည် ငါးနှစ်နှင့် အထက် အသက်ရှင်နိုင်ချေ ရှိသည်။ သို့သော် ၎င်းအခြေအနေသည် ဖြစ်သော မမျိုးဥအိမ် ကင်ဆာ အမျိုးအစား နှင့် အဆင့်ပေါ်တွင် မူတည်သည်။

ကင်ဆာရောဂါကုသမှုသည် ဆေးပညာနယ်ပယ်၏ တိုးတက်နေသောနေရာဖြစ်သည်။ ကုသမှု အသစ်များသည် ဆက်လက်ထွက်ပေါ်နေပြီး အထက်တွင် ဖော်ပြထားမှုများသည် အလွန်ယေဘုယျ ဆန်သည်။ ရောဂါအကြောင်းကို သေချာသိသော အထူးကုဆရာဝန်က ကင်ဆာရောဂါ၏ ရလဒ်၊ ကင်ဆာရောဂါ၏ အမျိုးအစား နှင့် အဆင့်အရ ကုသမှုကို မည်သို့တုန့်ပြန်မည် စသည့် အတိအကျ အချက်အလက်များကို ရှင်းပြပေးနိုင်ပေလိမ့်မည်။

 

မမျိုးဥအိမ် ကင်ဆာ အတွက် စစ်ဆေးခံယူမှု စနစ် ရှိပါသလား?

လက်ရှိအချိန်အထိ မရှိသေးချေ။ သို့သော် မမျိုးဥအိမ် ကင်ဆာကို  စောစော သိရန်အတွက် စစ်ဆေးခံ ယူမှုစနစ်ကို စမ်းသပ်နေသည်။ ၎င်းတွင် CA 125 သွေးစစ်ခြင်း နှင့် မမျိုးဥအိမ်ကို အာထရာဆောင်း ရိုက်ခြင်း တို့ကို ပုံမှန်ပြုလုပ်ခြင်းပါဝင်သည်။

သို့သော် မိသားစုမျိုးရိုးထဲတွင် မမျိုးဥအိမ်ကင်ဆာမျိုးရိုး ခိုင်ခိုင်မာမာ ရှိပါက အချို့အမျိုးသမီးများကို မမျိုးဥအိမ်ကင်ဆာ ရှိ၊မရှိ စစ်ဆေးခံယူရန် အားပေးလေ့ရှိသည်။ အမျိုးသမီး တစ်ယောက်အနေဖြင့် အမေ၊အဒေါ်၊ ညီအစ်မများတွင်  မမျိုးဥအိမ် ကင်ဆာ ဖြစ်ခြင်း၊ ရင်သားကင်ဆာ ငယ်ငယ် ရွယ်ရွယ် ဖြစ်ခြင်း ရှိပါက ဆရာဝန် နှင့် တိုင်ပင်ကာ မမျိုးဥအိမ် ကင်ဆာအတွက် ပုံမှန်စစ်ဆေးခံယူရန် လို၊မလို ဆွေးနွေးသင့်သည်။ (Crd Myanmar Health Center)

No comments:

Powered by Blogger.